စစ်ကျန် လက်နက်ကြီး ကျည် ပေါက်ကွဲ အရပ်သား ၄ ဦးထိခိုက်၊ ၂ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်။

ရှမ်းမြောက်၊ လားရှိုးမြို့နယ်အတွင်း စစ်လက်ကျန် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကုန်းဆုံရွာခံ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီးနောက် ၂ ဦးမှာ သေဆုံးသွားသည်။

လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စု၊ ကုန်းဆုံကျေးရွာက ဒေသခံခံ ၄ ဦး လက်နက်ကြီးပေါက်ကွဲမှုကြောင့် ထိမှန်ပြီး ၂ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နမ့်ပေါင်ကျေးရွာခံ ဦးစိုင်းလှအောင်က “အဲ့မှာက အရင်လက တိုက်ပွဲတွေ ဖြစ်တဲ့နေရာလေ။ အဲ့မှာက တောင် ယာထဲမှာ လက်နက်ကြီးက ကလေးတွေ ယူဆော့ကြတယ်လို့ ပြောတယ်။ ပေါက်ကွဲတော့ နှစ်ဦးကအဲမှာပဲ ပွဲချင်းပြီး သေဆုံးတာ။ ကျန်နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်းနေတယ်” ဟု ပြောသည်။

မတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီအချိန်ခန့်တွင် ကုန်းဆုံကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင်ရှိသည့် တောင် ယာ ခင်းထဲမှ မပေါက်ကွဲသေးသော လက်နက်ကြီးတစ်လုံးတွေ့ရှိပြီးနောက် ယာတဲအနီး ကောက်ယူသယ်ဆောင် လာ ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ၂ ဦးမှာ အသက် ၃၀ နှစ်အရွယ်ရှိ ထွန်းစိန်ဆိုသူနှင့် အိုက်မောင် ဆိုသူတို့ ဖြစ်ပြီး ဒဏ်ရာရရှိသူ ၂ ဦးမှာမူ မွန်းလျန်းနှင့် စိုင်းမွန်း ဆိုသူတို့ဖြစ်ကြသည်။

သေဆုံးသူ ထွန်းစိန်နှင့် အိုက်မောင်တို့နှစ်ဦးမှာ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်နေရာတို့တွင် လက်နက်ကြီးကျည်စ များ ထိမှန်ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ကျေးရွာမှာပင် မီးသင်္ဂြိုလ်ပေးလိုက်သည်ဟု ဒေသခံများက ပြောသည်။

ဒဏ်ရာရရှိသူ ၂ ဦးမှာမူ လက်နှင့် မျက်နှာတို့တွင် ဒဏ်ရာများ ပြင်းထန်းစွာ ရရှိခဲ့သည့်အတွက် လက်ရှိတွင် ပြင်ဦး လွင်ဆေးရုံသို့ ပို့ဆောင်ပေးထားရသည်ဟု ဒေသတွင်းက ကူညီပေးခဲ့သူတစ်ဦးက ပြောသည်။

ယခုပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည် တွေ့ရှိခဲ့သည့်နေရာအနီးတဝိုက်တွင် မတ်လ ၁၂ ရက်နေ့တုန်းက စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။

ထို့အပြင် မတ်လ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးပတ်ဝန်းကျင်တွင် မပေါက်ကွဲသေးသည့် လက်နက် ကြီးကျည်များ၊ မြေမြုပ်မိုင်းများ ရှိနေနိုင်သေးသည့်အတွက် ဒေသခံများက ထပ်မံပေါက်ကွဲမှုများ၊ လူသေဆုံး ထိခိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

အလားတူ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့များအပြင် SSPP/SSA ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း၊ TNLA တအန်းတပ်နှင့် MNDAA ကိုးကန့် တပ်ဖွဲ့များ သွားလာ လှုပ်ရှားနေပြီး မကြာ ခဏ ပစ်ခတ်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့်နေရာ ဖြစ်သည်။