ရိုဟင်ဂျာ ၁၅၀ ကျော် သံဖြူဇရပ်တွင် ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းက ရော်ဘာခြံတောတစ်နေရာတွင် ရိုဟင်ဂျာ ၁၅၄ ဦး ဖမ်းဆီးခံလိုက်ရ သည်။
သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအုပ်စု၊ ခလောက်ချ ဝင်းစန်းကျေးရွာ ရော်ဘာခြံတောထဲတွင် မတ်လ ၂၄ ရက်နေ့က ရိုဟင်ဂျာ ၁၅၄ ဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက “လက်ရှိကတော့ သူတို့ကို စစ်ဆေးနေဆဲလို့ သိရတယ်။ သူတို့က တော့ ထိုင်းကို သွားကြဖို့ ရောက်လာကြ တယ် လို့ သိရတယ်” ဟု ပြောသည်။
ဝင်းစန်းကျေးရွာ ရော်ဘာခြံတောတစ်နေရာတွင် ရိုဟင်ဂျာများ ရောက်ရှိနေကြောင်း သတင်းရသဖြင့် သက်ဆိုင် ရာ တာဝန်ရှိအဖွဲ့က သွားရောက်စစ်ဆေးရာမှ ကလေးများအပါအဝင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၁၅၄ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်ဘက်မှ ရေလမ်းကြောင်းဖြင့် မွန်ပြည်နယ်သို့ ရောက်ရှိလာပြီး ပွဲစားဖြင့် ထိုင်းနိုင်ငံသို့ဝင်ရန် ဖြစ်သည်ဟု ရဲစခန်းနှင့် နီးစပ်သူအချို့က ပြောသည်။
ထိုင်းနိုင်ငံမှ တဆင့် မလေးရှားနိုင်ငံဘက်သို့ ဆက်သွားရန်ဖြစ်သည်ဟုလည်း အု့ပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ က ပြောသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် အဆိုပါ ရိုဟင်ဂျာ ၁၄၅ ဦးကို သံဖြူဇရပ်မြို့တွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ် ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။
အလားတူ ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့၊ နံနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ဓနိ တောစပ် တနေရာတွင် ရိုဟင်ဂျာ အယောက် ၄၀ ဦး ဖမ်းဆီးခံခဲ့ရသေးသည်။
အုပ်ချုပ်ရေးအဖွဲ့များ၏ စုဆောင်းရရှိထားသည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် တစ်နှစ်ကျော် ကာလအတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မော်လမြိုင်၊ မုဒုံ အစရှိသည့် မြို့နယ်များသို့ ကုန်းလမ်း၊ ရေလမ်းမှ တဆင့် ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၃၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ် အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာ လူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိနေသည့်အပြင် အချို့မှာ တရားခံမပေါ်ဘဲ လမ်း ခရီးတွင်ပင် သတ်ဖြတ်ခံရသည့် ဖြစ်စဥ်များလည်း ရှိလာနေသည်။