စစ်ကောင်စီက အရပ်သား သုံးဦးကို ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်။

မွန်ပြည်နယ်တွင် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်တို့က လူသုံးဦးကို ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦးသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းတို့သည် မည်သူမည်ဝါ ဖြစ် သည်ကို မသိရှိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောသည်။

“အဲ့ပစ်သတ်ခံရတဲ့ လူငယ် နှစ်ဦးက ဘယ်သူ ဘယ်ဝါလဲဆိုတာကတော့ မသိသေးဘူး။ သူတို့ကို ကားလမ်းမ ဘေးမှာ ပစ်သတ်ခဲ့တာဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ရွှေရောင်ပြ ကျေး ရွာအကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးတွင် အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦးကို မတ်လ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီကျော်အချိန်ခန့်က ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပစ်သတ်ခံသည့် လူငယ် ၂ ဦး၏ ရုပ်အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့များက ဘီးလင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။

စစ်ကောင်စီတပ် ထောက်ခံသည့် တယ်လီဂရမ်အကောင့်များတွင်မူ အဆိုပါ လူငယ် ၂ ဦးသည် PDF များဖြစ်ပြီး ခြုံပုတ်အတွင်း မိုင်းထောင်နေစဥ် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ သည်ဟု ရေးသားထားသည်။

ထို့အပြင် ၎င်းတို့ထံမှ သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ လုံးနှင့် ထိန်းချုပ်ရီမုတ် ၁ ခု လည်း သိမ်း ဆည်းရမိခဲ့ကြောင်း ရေးသားဖြန့်ဝေနေသည်။

ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ရွှေရောင်ပြကျေးရွာအကြား ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက် တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရမှု၊ ပစ်ခတ်တိုက်ခိုက်ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

မတ်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်ကလည်း ရေးမြို့နယ် ကျုံလောင်းကျေးရွာသစ်အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ ၆၁ ရှေ့တွင် အသက် ၃၅ နှစ်အရွယ် ကိုကြည်ဝင်းဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သေး သည်။

ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပြီး ည ၆ နာရီ နံနက် ၆ နာရီ ညမထွက်ရမိန့်လည်း ထုတ်ပြန်ထားပြီးနောက် သတ်မှတ်ချိန်အတွင်း ဖြတ်သန်းသွားလာသူများကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများကို လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။