မွန်ပြည်နယ်ရှိ စစ်ကောင်စီ ဂိတ်တစ်ခုကို PDF ပူးပေါင်းအဖွဲ့ဝင်တိုက်၊ ရဲ ၃ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်။

မွန်ပြည်နယ်ရှိ စစ်ကောင်စီ မရမ်းချောင် စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဂိတ်တာဝန်ကျ ရဲတပ် ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိသည်ဟု ကျိုက်ထိုပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာရှိ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးဂိတ်ကို မတ်လ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်း အချိန်ခန့်က KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်;ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ် ရေး တော်လှန်ရေး အင်အားစု (TPDF) က ထုတ်ပြန်ထားသည်။

TPDF တာဝန်ရှိသူက က “မရမ်းချောင်စစ်ရေး ဂိတ် အမှတ် ၃ နေရာမှာ ၁ လုံး၊ မူးယစ်တပ်ဖွဲ့အိပ်ဆောင်မှာ ၁ လုံး၊ ဂိတ်အမှတ် ၁ အနီးမှာ ၄ လုံး စုစုပေါင်း ၆ လုံးကျရောက်ပေါက်ကွဲခဲ့တယ်” ဟု ထုတ်ပြန် ပြောဆိုထား သည်။

မရမ်းချောင် စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ဂိတ်တာဝန်ကျ ရဲ ၃ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ် ရေး တော်လှန်ရေး အင်အားစု (TPDF) က တာဝန်ရှိသူက ပြော သည်။

မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်ကို မတ်လ ၂၇ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ ကျိုက်ထို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (TPDF)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျိုက်ထို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အလားတူ မတ်လ ၂၇ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်တွင်လည်း ကျိုက်ထိုမြိုနယ်၊ လက်ပံပင်သုသာန်တွင် စခန်း ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ထပ်မံ တိုက် ခိုက်ခဲ့သေးသည်။

အဆိုပါ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်မှုရှိသည်ဟု ကျိုက်ထို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ထားသည်။

ကျိုက်ထို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဂိတ်စခန်းများအပြင် စစ်ကောင်စီတပ်၏ ယာဉ်တန်းများနှင့် ဝေးဝေးတွင် နေပေးကြပါရန် မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။