လောင်းလုံးရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်။

တနင်္သာရီတိုင်း လောင်းလုံးတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသူမှာ ဦးအောင်လွင်ဦး အသက် ၅၀ နှစ် ရှိသူ ဖြစ်ပြီး (က) ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခံထားရသည်မှာ ၇ လခန့်သာ ရှိသေးသည်ဟု ဒေသခံများက ပြောသည်။

အသက် ၄၅ နှစ်အရွယ် ရပ်ကွက်သားတစ်ဦးက “ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး သေနတ်နဲ့ ငါးချက်ဆက်တိုက် ပစ်သံကြား လိုက်ရတယ်။ ရင်ဘတ်နဲ့ ဦးခေါင်းကိုထိသွားတာ” ဟု ပြောသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ (က) ရပ်ကွက် အတွင်းမှာပင် မတ်လ ၂၇ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်က အမည်မ သိ ဆိုင်ကယ်စီးလာသူ လူ ၂ ဦးက ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ဦးအောင်လွင်ဦးသည် လောင်းလုံးမြို့ ရဲစခန်းကို ဝင်ထွက်သွားလာလေ့ရှိပြီး မြို့ပေါ်တွင် ဖမ်းဆီးရေး လုပ်ငန်း အချို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၏ ကားများဖြင့် လိုက်ပါတတ်သည်ဟု ရပ်ကွက်သားများ က ပြောသည်။

အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အနီး ဝန်းကျင်က နေအိမ်များနှင့် လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု မြို့ခံများက ဆိုသည်။

အလားတူ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းကလည်း လောင်းလုံးမြို့ပေါ် ညောင်ပင်လမ်းဆုံအနီး ပျူစောထီး ခေါင်း ဆောင် ဦးမင်းသိန်း ဆိုသူ ပစ်ခတ်ခံခဲ့ရပြီး ဆေးကုသမှု ခံယူခဲ့ရသေးသည်။

ထို့အပြင် စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် အလုပ်အကျွေး ပြုနေကြသည့် Non – CDM ဝန်ထမ်းများအားလုံး ကိုလည်း တပတ် အတွင်း အလုပ်အသီးသီး ထွက်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF က ဇန္နဝါရီလ ၂၇ ရက်နေ့က စာအမှတ် ၁၁၉/၂၃ ဖြင့် အသိပေး ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ စစ်ကောင်စီထောက်တိုင် Non-CDM ဝန်ထမ်းအဖြစ် ဆက်လက် တာဝန်ထမ်း ဆောင်နေမည် ဆိုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ခံစားရမည်ဖြစ်သည်ဟုလည်း သတိ ပေး ထားသည်။