ထားဝယ် နည်းပညာ တက္ကသိုလ် သမဂ္ဂ ဥက္ကဌဟောင်းကို ထောင် ဆယ်နှစ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်။
ထားဝယ်နည်းပညာ တက္ကသိုလ် သမဂ္ဂ ဥက္ကဋ္ဌဟောင်း နှင့် အဖွဲ့ဝင်တစ်ဦးကို ထောင်ဆယ်နှစ်စီ ချမှတ်လိုက် သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးခြင်းခံရသူ ထားဝယ်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း နှင့် အဖွဲ့ဝင်တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကျောင်းသားမဂ္ဂ ဥက္ကဋ္ဌ ကိုမျိုးမင်းဦး၏ မိသားစုဝင်တစ်ဦးက “သူတို့ နှစ်ယောက်ကို အကြမ်းဖက်မှု အားပေး ကူညီမှု ပုဒ်မ ၅၀-ည နဲ့ တရားစွဲပြီး အခုလို အမိန့်ချမှတ်လိုက်တာ။ မတရားမှန်းသိနေပေမယ့် ချေပခွင့်လည်း မရခဲ့ပါဘူး” ဟု ပြောသည်။
ထားဝယ်ခရိုင်တရားရုံးမှ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမျိုးမင်းဦး အသက် ၂၃ နှစ် လျှပ်စစ်စွမ်းအား မေဂျာ စတုတ္ထနှစ်နှင့် အတူ သမဂ္ဂအဖွဲ့ဝင် ကိုအောင်ဝေယံထွန်း အသက် ၂၄ နှစ် စက်မှုစွမ်းအား မေဂျာတို့ နှစ်ဦး ကို မတ်လ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ကိုမျိုးမင်းဦးကို ၂၀၂၁ ခုနစ် မေလအတွင်း စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅-က၊ ဂ တို့ဖြင့် ပထမအကြိမ် တရားစွဲ ထောင်ချပြီးနောက် ၅ လခန့်အကြာ အောက်တိုဘာလတွင် ပြန်လည်လွတ်မြောက်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၌ စစ်ကောင်စီက ကိုမျိုးမင်းဦးကို ခုံဝင်းဒပ်ရပ်ကွက်တွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကိုအောင်ဝေယံထွန်းကိုမူ ကိုမျိုးမင်းဦး ဖမ်းဆီးခြင်းမခံရမှီ တစ်ရက်အလိုတွင် ကြက်စားပြင်ရပ်ကွက် နေအိမ်၌ ရှိနေစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
လက်ရှိတွင် ထားဝယ်အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသား အမျိုးသား ၂၉၀ ဦး နှင့် အမျိုးသမီး ၆၀ ဦး စုစုပေါင်း ၃၅၀ ဦးရှိနေသည်ဟု ထားဝယ် နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ ထုတ်ပြန်ထားသည်။