စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မဲရုံလေးကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျိုက်ထိုမြို့နယ် မရမ်းချောင် စစ်ဆေးရေးဂိတ်ကို မတ်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ ကျိုက်ထိုပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ TPDF နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်ခံရသော စစ်ကောင်စီ၏ မရမ်းချောင် စစ်ဆေးရေးဂိတ်မှ မဲရုံလေးကျေးရွာဘက်သို့ ထိုနေ့ည ၉ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ က ပြောသည်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် မဲရုံလေးကျေးရွာအနီး စိုက်ပျိုးရေးခြံတစ်ခု အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ခြံတွင်အလုပ်လုပ်ကိုင်နေသည့် အသက် ၂၄ နှစ်အရွယ် မောင် လျှမ်းထက်အောင် ဆိုသူ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် စောနောင်ဦး ဆို သူက ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။
ကျိုက်ထိုဒေသခံတစ်ဦးက “တစ်ဦးကတော့ လက်နက်ကျတဲ့နေရာမှာပဲ သေဆုံးသွားခဲ့တယ်။ နောက်တစ် ယောက်ကတော့ ဆေးရုံရောက်ပြီးမှ သေသွားတယ်လို့ သိရတယ်” ဟု ပြောသည်။
ထို့အပြင် ဦးမောင်ဝင်းဌေးနှင့် ဦးဝင်းမြင့်တို့ နှစ်ဦးသည်လည်း ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး သထုံပြည်သူ့ ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေရသည်ဟုလည်း ဆိုသည်။
မတ်လ ၁၈ ရက်နေ့၊ ညနေ ၃ နာရီခွဲ အချိန်ခန့်က သထုံအခြေစိုက် အမြောက်တပ် ၃၁၄ တပ်ရင်းမှ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံးသွားခဲ့သေးသည်။
အလားတူ မတ်လ ၈ ရက်နေ့ကလည်း သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ် ခလရ-၂၄ တပ်ရင်းမှ ကျုံမိန်ကျေးရွာထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး ၂ ဦး သေဆုံးပြီး၊ ၂ ဦး ပြင်းထန်ဒဏ်ရာ များ ရရှိခဲ့သည်။
ကျိုက်ထိုမြို့နယ် အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ကျိုက်ထိုမြို့နယ် ဇီးပြောင်း၊ ဝင်းကံ၊ ပျဥ်းက တိုး၊ ကျောက်ဖျာ၊ အာလူး၊ ငှက်ပျော်တောနှင့် ဝင်းကလောကျေးရွာ အုပ်စုအတွင်း လက်နက်ကြီးများဖြင့် နေ့ တိုင်းနီးပါး ပစ်ခတ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် ထောင်နှင့်ချီသည့် ဒေသခံပြည်သူများကလည်း ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်ခဲ့ကြရသည် ဟု ထုတ်ပြန်ပါရှိသည်။