ပင်လောင်း အစုအပြုံလိုက် သတ်ဖြတ်မှုကို KNDF က ကျူးလွန်တယ်လို့ ပြောင်းပြန် စွပ်စွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိန်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ သံဃာတော်တွေ အပါအ ဝင် ဒေသခံ ၂၀ ကျော်ကို KNDF က သတ်လိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို မှိုင်း ဝေ ဆိုတဲ့ တယ်လီဂရမ် ချယ်နယ်မှာ တင်ထားပါတယ်။

မှိုင်း ဝေ ဆိုသူအပြင် Ko Thet ၊ Kyaw Swar ၊ Snow Queen အစရှိတဲ့ စစ်တပ် လော်ဘီ တယ်လီဂရမ်ချယ်နယ် တော်တော်များများကလည်း ပုံစံအမျိုးမျိုးနဲ့ ရေးတင်ထားကြသလို Facebook မှာလည်း ဖြန့်ဝေခဲ့ကြပါတယ်။

မတ်လ ၁၃ ရက်နေ့ မှာ မှိုင်း ဝေဆိုသူက တင်ထားတာက နန်းနိန်ကျေးရွာမှာ “KNDF အကြမ်းဖက်သမားတွေရဲ့ လက်မှာ သွေးမြေကျခဲ့ရတဲ့ ရိုးသားတဲ့ ဗုဒ္ဓဘာသာဝင် ပအိုဝ်း တိုင်းရင်းသားများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ထားပါတယ်။

မှိုင်း ဝေဆိုသူရဲ့ ရေးသားမှုထဲမှာ ဆိုရင် “ပင်လောင်းမြိုနယ် နမ့်နိန်းရွာဆိုတာ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ပအို၀်း လူမျိုးတွေနေထိုင်ကြ တာပါ အ ခြားနေရာတွေမှာ တိုက်ပွဲတွေဖြစ်ပေမယ့် ငြိမ်ချမ်းမှုကိုသာမြတ်နိုးတဲ့ ပအို၀်း တိုင်းရင်းသားတွေရဲ့ နယ်မြေဟာ အေးချမ်းတည်ငြိမ်ပါတယ်။ ဒါကို မကျေနပ်တဲ့ ခရစ်ယာန်ဘာသာ၀င် KNDF အကြမ်းဖက်သမား တွေက နမ့်နိန်းရွာကို ဝင်ရောက်အကြမ်းဖက်ခဲ့ပြီး ရဟန်းသံဃာတော်များနှင့် ပအို၀့်တိုင်း ရင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထား ပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နန်းနိန်ကျေးရွာ ဘုန်းကြီး ကျောင်းက သံဃာတော်တွေနဲ့ ဒေသခံ စစ်ဘေးရှောင်တွေကို KNDF တပ်ဖွဲ့က သတ်သွားတာ မဟုတ်ပဲ စစ်တပ် က သတ်သွားလို့ပဲ ဖြစ်ပါတယ်။

စစ်တပ် ထောက်ခံသူတွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေက နန်းနိန် အစုလိုက်အပြုံလိုက် လူသတ်မှုကို ကျူး လွန်သူတွေဟာ KNDF နဲ့ ပူးပေါင်းတပ်တွေဖြစ်တယ်ဆိုပြီး ယတိပြတ် ပြောဆိုနေပေမယ့်လည်း စစ်တပ်က အဲဒီ လူသတ်မှုကို သူတို့ကိုယ်တိုင် ကျူးလွန်ခဲ့တယ်ဆိုတာကို ဓာတ်ပုံနှင့်တကွ ဝန်ခံထားပါတယ်။

မတ်လ ၁၂ ရက်နေ့က စစ်တပ် လော်ဘီတွေက နန်းနိန် ဘုန်းကြီးကျောင်းဝင်းထဲမှာ သေနေတဲ့ ဒေသခံတွေရဲ့ ဓာတ်ပုံတွေကို တယ်လီဂရမ်ချန်နယ်တွေမှာ တင်ခဲ့ကြပါတယ်။ ဓာတ်ပုံတွေထဲမှာဆိုရင် “ကသန်း ကယန်း ကယား ပဒက်များကို ဆုံးမခြင်း၊ ဘုရားပေါ်တွင် ဘီယာသောက်နေတဲ့ ကယားပဒက်များကို နှိမ်နင်းခြင်း” ဆိုတဲ့ စာတွေကို ရေးသားထားပြီး လူသတ်မှုကို သူတို့ကိုယ်တိုင် ကျူးလွန်ထားတာကို ဝန်ခံထားပါတယ်။

ဒါ့အပြင် ဓာတ်ပုံနှင့်အတူ “ကယားပဒက်များရဲ့ နိဂုံး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး အဲဒီထဲမှာဆိုရင် “ဒီမော ဆိုးနား၊ မတ် ၁၀ ရက်နေ့က စစ်တပ် ကို ကယားပဒက်တွေက ဘုရားတွေ၊ ဘုန်း ကြီးကျောင်းတွေ ပေါ်ကနေ အကြံပက်စက်စွာပစ်တယ် ..တပ်က ပြန်ပစ်လိုမရဘူး .. ပစ်ရင် ဘာသာရေး အဆောက်အဦတွေ ပျက်စီးမှာစိုး လို့ ဒါနဲ့ စစ်ကြောင်းမှ ကွန်မန်ဒို Sniper အဖွဲထုတ်ပြီး ကိုင်ထည့် လိုက်တာ ပဒက် ၂၄ ကောင် ဂေါင်းတွေထိပြီး ဒွမ်သွားတယ်။ ပုံတွေရရင် ထပ်တင်ပေးဦးမယ်။ စစ်ကြောင်းတွေ နယ်မြေ ရှင်းနေတုန်းမို့” ဆိုပြီး ဝန်ခံ ရေးသား ထားပါတယ်။

နန်းနိန်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာရှိတဲ့ KNDF တပ်ဖွဲ့ဝင်တွေကို သတ်လိုက်တယ်ဆိုပြီး စစ်တပ် လော် ဘီတွေက ရေးသားထားပေမယ့် အသတ်ခံရသူတွေဟာ KNDF တပ်ဖွဲ့ဝင်တွေ မဟုတ်ပဲ သံဃာတော်တွေနဲ့ ဒေသ ခံ စစ်ဘေးရှောင်တွေ ဖြစ်နေတယ်ဆိုတာကို သတင်းဌာနတွေ ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူအ ခွင့်အ ရေးသမား
က ဖော်ထုတ်ရေးသား နိုင်ခဲ့ကြပါတယ်။

Khit Thit Media က ဖော်ထုတ်ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3G1IE0C တွေ့နိုင်ပါတယ်။

အဲဒီလို ဖော်ထုတ်ရေးသား လိုက်တဲ့အတွက် စစ်တပ်လောက်ဘီတွေက သူတို့ကိုယ်တိုင် တင်ထားတဲ့ ဓာတ်ပုံ တွေကို တော်တော်များများက ပြန်ဖြုတ်သွားကြပေမယ့် သတင်းဌာနတွေနဲ့ ဒီဖြစ်စဉ်ကို စောင့်ကြည့်နေတဲ့ သူ တွေက Screen Shot တွေ ရယူထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စိစစ်ကြည့်လိုက်တဲ့အခါမှာ မှိုင်း ဝေ ဆိုသူနဲ့ စစ်တပ်လော်ဘီ အတော်များ များက KNDF နဲ့ ပအိုဝ်းတိုင်းရင်းသားတွေကြားမှာ မုန်းတီးမှုတွေဖြစ်အောင်၊ ပအိုဝ်းနဲ့ ကရင်နီ တိုင်းရင်းသား တွေကြားမှာ လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေ ကိစ္စတွေမှာ ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လိမ်ညာ ဝါဒ ဖြန့် ရေးသားထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

လက်ရှိကာလမှာ ဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။