Non-CDM ကျောင်းဆရာ ဇနီးမောင်နှံ သေနတ်ပစ်ခံ ရပြီး အမျိုးသား ဖြစ်သူ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ကျောင်းဆရာမ ဇနီးမောင်နှံ ၂ ဦး သေနတ်နှင့် ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူက သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

လားရှိုးမြို့ရှိ ပါရမီလမ်းသွယ် ၁၁ နှင့် ၁၂ ကြား မတ်လ ၂၈ ရက်နေ့၊ ညနေပိုင်း ၅ နာရီခွဲဝန်းကျင် အချိန်ခန့်တွင် လမ်းလျှောက်လာသည့် ကျောင်းဆရာမ ဇနီးမောင်နှံကို အမည်မသိ လူတစ်စုက လာရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်လိုသူ မျက်မြင်တွေ့ခဲ့သည့် လားရှိုးမြို့ခံတစ်ဦးက “အဲ့သတင်းက သူတို့သတင်းအမှောင်ချလိုက်တာ ကော။ သိရသလောက်ကတော့ သူတို့ရုံးဆင်းချိန်မှာ ပစ်ခံရတာ။ သူ့မိန်းမကလည်း သူ့ယောက်ကျားကို ဖတ်ပြီး အော်နေ တယ်။ သူ့မိန်းမကတော့ ကျောင်းဆရာမလို့ သိရတယ်။ ကျန်တာကတော့ မသိရဘူး” ဟု ပြောသည်။

သေနတ်နှင့် ပစ်သတ်ခံရပြီးနောက် အမျိုးသားဖြစ်သူမှာ ဆေးရုံရောက်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံး သွားသည်ဟု ဆိုသည်။

ထို့အပြင် အမျိုးသမီးဖြစ်သူမှာလည်း ဒဏ်ရာများရရှိထားပြီး လက်ရှိတွင် လားရှိုးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု လားရှို့မြို့ခံအချို့က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကျောင်းဆရာမ ဇနီးမောင်နှံ ၂ဦးမှာ တန့်ယန်းမြို့က Non – CDM ဖြစ်ပြီး တန့်ယန်း တွင်ရှိနေစဉ်တုန်းကလည်း ၎င်း၏ အမျိုးသားဖြစ်သူ သေနတ်နှင့် တစ်ကြိမ် ပစ်ခတ်ခံခဲ့ရသေးသည်ဟု ဆိုသည်။

တန့်ယန်းတွင် သေနတ်နှင့် ပစ်ခတ်ခတ်ခံရစဉ် လက်တွင် ဒဏ်ရာရရှိသွားသောကြောင့် လားရှိုးဆေးရုံတွင် တစ် ကြိမ် ဆေးလာရောက်ကုသဖူးသည်ဟု နီးစပ်သူများက ပြောသည်။

လက်ရှိတွင် Non-CDM ဝန်ထမ်း ကျောင်းဆရာ/ဆရာမများသည် လားရှိုးမြို့တွင် သင်တန်းတစ်ခုရှိနေခြင်း ကြောင့် အဆိုပါ ကျောင်းဆရာမ ဇနီးမောင်နှံ သေနတ်နှင့် ပစ်ခတ်ခံရသည့်အကြောင်းကို ဆေးရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာက တာဝန်ရှိသူများကိုပါ သတင်းမထုတ်ကြဖို့ စစ်ကောင်စီက ပိတ်ပင်ထားသည်ဟု လားရှိုးဒေသခံ များက ပြောသည်။

လားရှိုးမြို့ခံ တစ်ဦးက “အဲသတင်းက ဆေးရုံမှာတောင် ပိတ်ထားတာ။ စုံစမ်းရတာလည်း ခတ်တယ်။ ပစ်ခံရတဲ့ အမျိုးသားကတော့ အနောက်ကနေ ပစ်ခံရတဲ့ ပုံစံမျိုးပေါ့။ အခုက လားရှိုးမှာ ကျောင်းဆရာမတွေ သင်တန်း တက်နေကြတာလေ။ ဆရာ၊ ဆရာမတွေ ကြောက်မှာစို့လို့ သတင်းအမှောင်ချ လိုက်တာလို့ ထင်တယ်” ဟု ပြောသည်။

အဆိုပါ ကျောင်းဆရာမဇနီးမောင်နှံ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခံရမှု အခြေအနေများနှင့် ပတ်သက်၍ စစ် ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက မြို့တွင်း နီးစပ်ရာရှိ CCTV များကို လိုက်လံ စစ်ဆေးနေသည်ဟု မြို့ခံ များက ပြောသည်။

မည်သူမည်ဝါ မည်သည့် အဖွဲ့အစည်းက မည်သည့် အကြောင်းရင်းကြောင့် ပစ်ခတ်သွားသည်ကိုမူ မသိရသေး ဘူးဟု နီးစပ်သူများက ဆိုသည်။

လားရှိုးမြို့အပြင် ရှမ်းမြောက်ရှိ မြို့နယ်များတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သေနတ်နှင့် ပစ်ခတ် သတ်ဖြတ်မှုမျိုးများ မကြာခဏ ဖြစ်ပွားနေပြီး ဖြစ်စဉ်အများစုကိုလည်း ဒေသခံတွင်းရှိ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့များက အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပေ။