စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခံရပြီး ပြန်လည်ပစ်ခတ်မှုကြောင့် အသက် ၆ နှစ် ကလေး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်။

ရေး-ထားဝယ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ် ပြန်လည် ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ပြီး ဆေးကုသမှု ခံယူနေရသည်။

ထားဝယ်မြို့ဘက်မှ ကလိန်အောင်ဘက်သို့ ဦးတည် မောင်းနှင် လာသည့် ဖောကားနှင့် ကျောက်တင်ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို မတ်လ ၂၈ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ကျောက်ရှပ်ကျေးရွာ အနီး မိုင်တိုင် ၄၁ အရောက်တွင် ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည် ရွှေဘီလုံးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက “သူတို့က အရပ်သား ကားတွေနဲ့ရောပြီး အကာအကွယ်ယူ ကြားညှပ်လိုက်လာတာ၊ ဒါကြောင့်မို့ ၅ စီးမြောက်ကားကို ရွေးပြီးပစ်ခဲ့တယ်” ဟု ပြော သည်။

မိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဖြစ်သည့် – SPRING DHAMMA PDF နှင့် ရွှေဘီလုံး – SHWE BE LONE PDF တပ်ဖွဲ့များက ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ကလိန်အောင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

လက်လုပ်မိုင်းများဖြင့် ကနဦး မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း မိုင်းပေါက်ကွဲမှု မရှိခဲ့ခြင်းကြောင့် လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း ပူးပေါင်းတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

ကားပေါ်ပါ စစ်ကောင်စီတပ်က အရပ်လေးမျက်နှာသို့ တန်ပြန် ပစ်ခတ်မှုကြောင့် ကျောက်ရှပ်ရွာမှ နေအိမ်ထဲတွင် ကစားနေသည့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ် သည်။

လက်ရှိတွင် ကျည်ထိမှန်ခဲ့သည့် ကလေးမှာ ကလိန်အောင်မြို့ ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ကားကိုအရှိန်မြှင့် မောင်းပြေးသွား၍ သေဆုံးထိခိုက်သူ အရေအတွက် ကိုမူ အတည်ပြုနိုင်ရန် မြေပြင်စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ က ဆိုသည်။

ပစ်ခတ်ပြီးသည့်နောက် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်လာချိန် စစ်ကောင်စီတပ်က လက်နက်ကြီး နှစ်လုံးနှင့်အတူ လက်နက်ငယ်များဖြင့်ပါ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်အတွင်း ရေးသားထားသည်။

ကျောက်ရှပ်ကျေးရွာအနီး မိုင်တိုင် ၄၁ နေရာတွင် မကြာခဏဆိုသလို စစ်ကောင်စီတပ်နှင့် စစ်ယာဉ်တန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

စစ်ကောင်စီတပ်ဘက်မှလည်း အမြဲလိုပင် ကင်းပုန်းဝပ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မတ်လ ၅ ရက်နေ့ က ကျောက်ရှပ်ကျေးရွာ မိုင်တိုင် ၄၀ အနီး လမ်းအထူးအဖွဲ့ ၁၆ မှ ဆောက်လုပ်ရေး ဝန်ထမ်းများနှင့် ဒေသခံ အချို့လိုက်ပါလာသည့် ကားတစ်စီးကို ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ် ရာ ရရှိခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။