တောဆင်ရိုင်း နင်း၍ အမျိုးသမီး တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်။

ဧရာဝတီတိုင်း သာပေါင်း မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို တောဆင်ရိုင်း တစ်ကောင်က နင်းသတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့ နယ်၊ လှေကြီးတက် ကျေးရွာအုပ်စု ၃ မိုင် ကျောက်ကျင်းအနီးရှိ သီဟိုဠ်ခြံအတွင်းရှိ လူနေအိမ် တစ်အိမ်ကို မတ်လ ၂၈ ရက်နေ့၊ ညနေ ၅ နာရီခန့်က တောဆင်ရိုင်း တကောင်ဝင် ရောက်ဖျက်ဆီးစဉ် ထွက်မပြေးနိုင်သည့် အမျိုး သမီးတစ်ဦး ဆင်နင်းခံရပြီး သေဆုံးသွားသည်ဟု သာပေါင်းမြို့နယ် ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့က ပြောသည်။

သေဆုံးသူ၏ မိသားစု နှင့် နီးစပ်သူ တစ်ဦးက “တောဆင်ရိုင်းက ရုတ်တရက် ရောက်လာပြီး အိမ်ကိုဖျက်တော့ မိသားစုနဲ့ ခြံထဲက လူတွေ အော်ပြီး ထွက်ပြေးကြတာမှာ ဒေါ်လေးတင်က မပြေးနိုင်တော့ ဆင်နင်းခံရပြီး သေ သွားတယ်” ဟု ပြောသည်။

သေဆုံးသူမှာ အသက် ၅၁ နှစ်အရွယ် ဒေါ်တင်တင်ရီ ဆိုသူဖြစ်ပြီး တောဆင်ရိုင်း နင်းခံရခြင်းကြောင့် ယာဘက် အောက် မေးစေ့မှ လည်ပင်းအထိ ၄ လက်မခန့် ကွဲထွက် ဒဏ်ရာ၊ ဝမ်းဗိုက်ပွင့်အူထွက် ဒဏ်ရာများ ရရှိကာ သေ ဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ကနဦး သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။

နေအိမ်ကို ဝင်ရောက်ဖျက်ဆီးပြီး အမျိုးသမီးကို နင်းသတ်လိုက်သည့် တောဆင်ရိုင်းမှာ အရပ်အမြင့် ၈ ပေ ကျော်ခန့်ရှိ ဟိုင်းဆင် အမျိုးအစားဖြစ်ပြီး အစာအတွက် နေအိမ်၏ မီးဖိုချောင်မှ ဆန်ကို ရှာဖွေရာမှ လူကိုပါ ရန်ပြုသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သစ်အလွန်အကျွံ ခုတ်ခဲ့ခြင်းများကြောင့် တောများ ပြုန်းတီးလာပြီး တောဆင်ရိုင်းများ၏ စားကျက် မရှိတော့ လောက်အောင် ဖြစ်လာသည့်အပြင် ဆင်သတ် မုဆိုးများကလည်း တောထဲမှာတွင် မွှေနေသည့် အတွက် တော ဆင်ရိုင်းများမှာ လူများနှင့် အနီးဆုံးနေရာသို့ ရောက်လာခြင်းဖြစ်သည်ဟု ဆင်ဦးစီးဟောင်း ဦးအောင်လေး က မှတ်ချက်ပြု ပြောဆိုသည်။

စားကျက်များ မရှိသည့်အတွက် ဆင်များသည် စပါးခင်းများနှင့် အခြားသော သီးနှံစိုက်ခင်းများကို ဝင်ရောက် စား သောက်နေကြသည့်အပြင် နေအိမ်များ၌ သိုလှောင်ထားသည့် ဆန်စပါးနှင့် သီးနှံများကိုလည်း ဝင်ရောက်ရှာဖွေ စားခြင်းများ ဖြစ်လာသည် ဟု ဦးအောင်လေးက ဆက်ပြောသည်။

“လူတွေက တောဆင်ရိုင်းတွေ ကျက်စားတဲ့ သစ်တောတွေထဲကို ကျုးကျော်တဲ့အတွက် လူနဲ့ တောဆင်ရိုင်းတွေ ပဋိပက္ခ ဖြစ်ရတယ်။ ဆင်က လူကို အရင် ရန်လုပ်တာ မဟုတ်ဘူး။ လူက ဆင်တွေကို အရင် ရန်လုပ်လို့ ကျုး ကျော်လို့ အခုလိုဖြစ်ရတာ” ဟု ပြောသည်။

မတ်လ ၁၂ ရက်နေ့က သာပေါင်းမြို့နယ် ပျဉ်းမထုံး ကျေးရွာအုပ်စု၊ ခုနှစ်ပင်တောထဲကို ထင်းခုတ်သွားသည့် ဦးချို ဌေး ဆိုသူလည်း တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးခဲ့ခြင်းကြောင့် မတ်လအတွင်းမှာ တောဆင်ရိုင်း နင်းခံရပြီး သေဆုံးသူမှာ သာပေါင်းမြို့နယ်အတွင်း ၂ ဦး ရှိသွားပြီဖြစ်သည်။

ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်း၊ ပုသိမ်၊ ငပုတော မြို့နယ်များက သစ်တောများအတွင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့ အထိ ၃၅ ရက်အတွင်းမှာ မုဆိုးများက သတ်၍ သေဆုံးခဲ့သော တောဆင်ရိုင်း ၅ ကောင်ရှိသည့်အနက် သာပေါင်းမြို့နယ် သစ်တောအတွင်းက တောဆင်ရိုင်း ၃ ကောင် ပါဝင်သည် ဟု ဒေသခံ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များက ပြောသည်။