မှတ်ပုံတင်လိုက်သော အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှာ အင်းလေးဒေသခံများကို ကိုယ်စားမပြုကြောင်းပြော
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်။
စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံသို့ မှတ်ပုံထားသည့် အင်းအမျိုးသား အဖွဲ့ချုပ်ပါတီမှာ အင်းလူထုအတွက် ကိုယ်စားမပြုကြောင်း အင်းလေး ဒေသခံများက ပြော သည်။
ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်ထားသော ပါတီများမှာ မတ်လ ၃၁ ရက်နေ့အထိ ၈ ပါတီရှိပြီဟု UEC က ထုတ်ပြန်ထားသည်။ ထိုပါတီ ၈ ပါတီထဲက အင်းအမျိုးသား အဖွဲ့ချုပ်ပါတီမှာ အင်းလူထုအတွက် ကိုယ်စားမပြုဟု အင်းလေးဒေသခံများနှင့် အင်းလူမျိုး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။
အင်းလေး လူထု အမှန်တရားလှုပ်ရှားမှု အဖွဲ့ Justic Movement For Community- Innlay အဖွဲ့အစည်းကို တည်ထောင်သူ (Founder) ဒေါ်ယုလှိုင်သင်းက “ကျမ အမြင်ကတော့ လုံးဝ ကိုယ်စားမပြုနိုင်ဘူး။ လူနည်းစုလောက်ပဲ စုဖွဲ့ပြီးတော့မှ စစ်တပ်ခိုင်းတာတွေ လုပ်နေတာပေါ့။ အဲဒီ အင်းပါတီထဲမှာတောင် အင်းသားတွေအပေါ် ခေါင်းပုံဖြတ်ပြီး အလွဲသုံးစား လုပ်တဲ့သူတွေ ပါနေတယ်။ အဲတာကြောင့် ကျမတို့ အင်းသားတွေက သူတို့ကို လက်မခံနိုင်ဘူး။ သူတို့ဟာ သူတို့ ကိုယ်စားပြု ပြီး စုဖွဲ့ လုပ်နေကြတယ်ပေါ့နော်” ဟု ပြောသည်။
အဆိုပါ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၏ နောက်ကွယ်တွင် စစ်ကောင်စီ ရှိနေခြင်းကြောင့် ယုံကြည်ရန် ခက်ခဲ နေပြီး ၎င်းတို့ အပြည့်အဝ အာဏာရသွားမည်ဆိုပါက တရားမျှတမှုများ ပျောက်ဆုံးသွားမည် ဖြစ်သောကြောင့် ဖက်ဒရယ် ဒီမိုကရေစီမှာ အလှမ်းဝေးသွားနိုင်သည်ဟု အင်းလေးဒေသခံများက ဆိုသည်။
ထို့အပြင် ယခင် အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌဟောင်း ဦးအောင်ကြည်ဝင်းကိုလည်း စစ်ကောင်စီက လက်ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးရာထူး ပေးထားပြီး ပျူစောထီးများကို စည်းရုံး ဖွဲ့စည်းခိုင်း ထားသည် ဟု ဒေါ်ယုလှိုင်သင်းက ဆက်ပြောသည်။
“ဦးအောင်ကြည်ဝင်းရဲ့ ညာလက်ရုံး ညီညီထွန်း (ခေါ်) ဖိုးသာထူးက အင်းလေးဒေသထဲမှာ ပျူစောထီးတွေ အများကြီးကို စည်းရုံး မွေးမြူထားတယ်ပေါ့နော်။ အင်းလေးဒေသထဲမှာ စစ်သားနဲ့ရဲတွေ ခဏခဏ ဝင်မွှေပြီး လူတွေ ဖမ်းတယ်။ အမျိုးသမီးတွေ အပေါ်မှာလည်း အကြမ်းဖက်တယ်ပေါ့နော်။ ဒါတွေက စစ်ကောင်စီတွေ၊ PNO တွေ၊ ဒေသခံ ပျူစောထီးတွေ ပေါင်းပြီး လုပ်နေကြတာ။ သူတို့အနေနဲ့ အင်းလေးဒေသထဲကို ဝင်ဖို့ဆိုတာ မလွယ်ဘူး။ ဒေသခံ ပျူစောထီးတွေ ခေါ်ဝင်လို့ ဒီလိုမျိုး မတရားနှိပ်စက် စော်ကားနေကြတာ။ သူတို့သာ ပိုပြီး အုပ်ချုပ်ခွင့်ရသွားရင် ဒီထက်မက ပိုဆိုးဖို့ပဲ ကျန်တယ်။”
အင်းလေးဒေသတွင် ယခင်က အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ ဟူ၍ ပါတီ ၂ ပါတီသာ ရှိခဲ့သော်လည်း အဆိုပါ ပါတီ ၂ ပါတီ ပူးပေါင်းရန်အတွက် မတ်လ ၂၄ ရက်နေ့တွင် အင်းအမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်သိမ်းခဲ့သည်။ သို့သော်လည်း ထိုပါတီ ၂ ပါတီလုံးမှာ စစ်ကောင်စီ လက်ဝေခံ ပါတီများ ဖြစ်၍ ၎င်းတို့ ပူးပေါင်းမှုမှာ အင်းလေးဒေသခံပြည်သူများ အတွက် ကိုယ်စားမပြုနိုင်ဘူးဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့ကို ကိုယ်စားပြုနိုင်တာက သူတို့ လူတွေပဲ ရှိမယ်လို့ ထင်တယ်။ သူတို့ အမာခံလူတွေပဲ ပြန်ပြီး ထောက်ခံ မယ် ထင်တယ်။ သူတို့ အမာခံလူတွေ ဆိုတာလည်း တစ်အင်းလုံးပေါင်းရင် ၂၀% လောက်ပေါ့။”
အင်းအမျိုးသား အဖွဲ့ချုပ်ပါတီမှာ ယခင် အင်းအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီမှ ပါတီအလုပ်မှုဆောင်များ သဘောထား ကွဲလွဲမှုကြောင့် ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ပြောင်းလဲ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုပါတီ ၂ ပါတီလုံးမှာ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ တစ်နေရာမှ အနိုင်ရဖူးခြင်း မရှိသည့်အပြင် လက်ရှိတွင်လည်း ပျူစောထီးများ ဖွဲ့စည်းပြီး လက်နက်ကိုင် ရမ်းကားနေသောကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်နေရသည်ဟု ဆိုသည်။
ဒေသခံ အမျိုးသမီး တစ်ဦးက “သူတို့ ပြောတာ PDF လည်း မလာနဲ့။ စစ်တပ်လည်း မလာနဲ့ပေါ့။ အဲလိုပြောပြီး တော့ စစ်တပ်နဲ့ PNO လာရင်လည်း လက်ခံနေရတာပဲ။ သူတို့ကိုယ် သူတို့လည်း ပျူစောထီး ဆိုပြီးတော့ လက် နက်အားကိုးနဲ့ ထင်ရာစိုင်း မင်းမူနေတာပေါ့နော်။ ဥပဒေဆိုတာ သေနတ်ပြောင်းက လာတာလို့ လုပ်နေတယ်ပဲ မြင်တယ်” ဟု ဆက်ပြောသည်။
အင်းလေးဒေသတွင် ၂၀၁၀ ခုနှစ်က အင်းတိုင်းရင်းသား အဖွဲ့ချုပ်ပါတီ တစ်ခုတည်းသာ ကြိုတင်မဲဖြင့် ရွေး ကောက်ပွဲ အနိုင်ရဖူးပြီး ထိုပါတီမှာလည်း ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
စစ်ကောင်စီ အစိုးရက ပြဌာန်းထားသော ရွေးကောက်ပွဲ ဥပဒေသည် တရားဝင်ခြင်း မရှိသောကြောင့် စစ်ကောင် စီ လက်အောက်ခံ UEC ထံသို့ မှတ်ပုံတင်ခြင်းသည် ပြည်သူ့ဆန္ဒကို သွေဖယ်ဆန့်ကျင်ခြင်း ဖြစ်သည်ဟု အမျိုး သား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ထားသည်။
ထို့သို့ မှတ်ပုံတင်ခြင်းသည် စစ်ကောင်စီက ပြည်သူလူထုအား သတ်ဖြတ်နေမှုကို အားပေးအားမြောက် ပြုရာ ရောက်သည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။