ပျူစောထီးခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်။
ပျူစောထီး ခေါင်းဆောင်တစ်ဦး နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးကုသမှုခံယူနေရသည်ဟု ရေဖြူ ဒေသခံများက ပြောသည်။
ရေဖြူမြို့နယ်ထဲက စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး ခေါင်းဆောင် ဦးထွန်းအောင် အသက် ၅၅ နှစ်ကို အမည်မသိလူ ၅ ဦးက နေအိမ်၌ သေနတ်ဖြင့် လာ ရောက်ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်ဒဏ်ရာများ ရရှိသွားခဲ့၍ ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက ပြော သည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “သေနတ်ပစ်ခတ်သံတွေ အော်ဟစ်ပြောဆိုနေတဲ့ အသံတွေတော့ ကြားရတယ်။ ဘယ်သူမှ ချက်ချင်းသွား မကြည့်ရဲကြဘူး။ အသံတွေငြိမ်သွားပြီးမှ ဆိုင်ကယ်နဲ့ လူတော်တော် များများ သွားကြည့်ကြမှ သေနတ်နဲ့ ပစ်ခတ်ခံရမှန်း သိကြရတာ” ဟု ၎င်းကပြောသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖားချောင်းကျေးရွာအုပ်စု တောင်ရင်းအင်းကျေးရွာတွင် မတ်လ ကုန်ပိုင်းက ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ဦးထွန်းအောင် ပစ်ခတ်ခံရပြီးနောက် တစ်နာရီခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့် ရောက်ရှိ လာပြီး အနီးဝန်းကျင်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒဏ်ရာ ရရှိသွားသူ ဦးထွန်းအောင်ကို စစ်ကောင်စီတပ်မှ ကားဖြင့် တောင်ရင်းအင်း – ဂန့်ဂေါ်တောင်လမ်းဆုံသို့ သယ်ဆောင်ပြီးမှ အရေးပေါ် လူနာတင်ယာဉ်ခေါ်ယူကာ မောရဝတီ ရေတပ်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု နီးစပ်သူအချို့က ဆိုသည်။
ဦးထွန်းအောင်တွင် ပျူစောထီးအဖွဲ့ဝင် တပည့် အများအပြားရှိကာ ဝိုင်းဖွဲ့အရက်သောက်ရာတွင်လည်း ပျူစော ထီးခေါင်းဆောင် ဖြစ်ကြောင်း ဂုဏ်ယူစွာ အမြဲပြောဆိုကာ သေနတ်ပစ်ဖေါက်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ကလည်း တောင်ရင်းအင်းကျေးရွာမှ စစ်ကောင်စီ သတင်းပေး အုပ် ချုပ်ရေးမှူး ဦးနိုင်ဝင်း ဆိုသူလည်း နေအိမ်၌ပင် သေနတ်ဖြင့် လာရောက်ပစ်ခြင်း ခံခဲ့ရဖူးသည်။