ရော်ဘာစေးခြစ်ရန် လာသည့် ရွာသား ၂ ဦးကို စစ်ကောင်စီ တပ်က ပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်-ရေးကားလမ်းတွင် ဧပြီလ ၂ ရက်နေ့၊ နံနက်ပိုင်းက ရော်ဘာအစေး ခြစ်သွားသူ ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပောသည်။
မော့ကနင် ရွာသား ၂ ဦးမှာ ရော်ဘာအစေးခြစ်ရန် ယမန်နေ့ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ရာ မော့ကနင်ကျေးရွာအထွက် တံတားရှိ စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ၂ ဦးစလုံး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရေးဒေသခံတစ်ဦးက “သူတို့ ၂ ဦးက မနက် ၅ နာရီလောက်မှာ အစေးခြစ်ဖို့ သွားတာ။ တံတားအရောက်မှာ တော့ သေနတ်နဲ့ ပစ်ခံရတာဖြစ်တယ်။ ရေးမှာက ဒီလိုမျိုး ညပိုင်းသွားလာတဲ့လူတွေ ပစ်ခတ်ခံထိတာ ခဏ ခဏ ကြားနေရတယ်။ အခန့်မသင့်ရင် နေ့ခင်းပိုင်းလည်း ပစ်ခံရနိုင်တယ်။ အသွားအလာ အတော် သတိထားနေရ တယ်” ဟု ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူ ၂ ဦးသည် လူငယ်များဖြစ်ကြပြီး ၁ ဦးမှာ ဘယ်ဘက်ဒူးခေါင်း ကျည်ထိမှန်ဒဏ်ရာ တစ်ချက်၊ အခြား ၁ ဦးမှာ ဘယ်ဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ဆိုသည်။
ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့် ရော်ဘာခြံလုပ်သား ၂ ဦးအား ကယ်ဆယ်ရေးသမားများမှ လမိုင်းမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။
အလားတူ ဧပြီလ ၁ ရက်နေ့၊ နံနက် ၆ နာရီ ဝန်းကျင်အချိန်ခန့်က ရေး-သံဖြူဇရပ် ကားလမ်းဘေး လမိုင်းနှင့် အေးသာယာ ကျေးရွာအကြားတွင် စစ်ကောင်စီတပ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် ပစ် ခတ်တိုက်ခိုက်စဥ် စစ်တပ်ကားနောက်တွင် လိုက်ပါလာသည့် အိမ်စီးကား ၁ စီးပါ ထိမှန်သွားပြီး ကားပေါ်က အရပ်သားနှစ်ဦး ထိမှန်ခဲ့သည်။
ထိုသို့ အိမ်စီးကား ပစ်ခတ်ခံရမှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် အသက် ၄၈ နှစ်အရွယ် ဦးမောင်ဝနှင့် ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ကွမ်းဟလယ်တို့ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မတ်လ ၂၃ ရက်နေ့ ညကလည်း ကျောင်းကျေးရွာမှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် အရပ်သား ကားတစ်စီးသည် စစ်ကောင်စီ ခလရ-၆၁ တပ်ရင်းရှေ့ အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကားပေါ်တွင် ပါလာသည့် အမျိုးသား သေဆုံးသွား ခဲ့သည်။
ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်အပြင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကိုပါ ထုတ်ပြန်ထားခဲ့သည်။
ထိုသို့ စစ်အုပ်ချုပ်ရေးအပြင် ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်း၌ ညပိုင်းသွားလာ သူများကို စစ်ကောင်စီတပ်များက ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်း စသည့်ဖြစ်စဥ်များ ဆက်တိုက်ပြုလုပ်လာပြီး ထိ ခိုက်သေဆုံးသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။