နမ့်ခမ်းတွင် သက်ငယ်မုဒိန်း ကျူးလွန်သူ ဆိုသူကို TNLA က အရေးယူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်း အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းကျင့် ခဲ့သည်ဆိုသည့် အမျိုးသားအား တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ဖမ်းဆီး ကာ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေသည်ဟု ပြော သည်။

TNLA တိုက်နယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဖြစ်ဖြစ်ချင်းမှာ ကလေးအမေက သွေးပူလက်ပူနဲ့ ကျနော်တို့နား ချက်ချင်းရောက်လာတယ်။ အဲဒီနေ့ ည တစ်ညလုံးရယ် သုံးလေးရက် အဲ့အမျိုးသားကို လိုက်ရှာတာ မတွေ့ဘူး။ ၂၈ ရက်နေ့မှ လယ်တောထဲမှာ သွားဖမ်းမိတယ်။ လက်ရှိမှာတော့ အမှုက မပြီးသေးဘူး ဒီလိုအမှုတွေက ကျနော် တို့ တိုက်နယ်နဲ့ မပြီးဘူးလေ။ အထက်ကို ပြန်တင်ရမယ်” ဟု ပြောသည်။

လက်ရှိတွင် ကျူးလွန်သူ ဦးအိုက်ကောင်း ဆိုသူအား TNLA နယ်မြေရှိ မြို့နယ်တစ်ခုက အချုပ်ထဲတွင် ဖမ်းဆီး ချုပ် နှောင်ထားပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။

ဖြစ်စဉ်မှာ နမ့်ခမ်းမြို့နယ်တွင်းက ကျေးရွာတစ်ရွာအတွင်း အရက်မူးနေ ဦးအိုက်ကောင်း ဆိုသူသည် အမျိုးသား က အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်မှာ မတ်လ ၂၅ ရက်နေ့၊ နေ့လည် ၁၂ နာရီကျော်အချိန်ခန့်တွင် အရက်မူးနေသူ အသက် ၆၀ နှစ် အရွယ်ရှိ ဦးအိုက်ကောင်းဆိုသူသည် အသက် ၈ နှစ် အရွယ် အမျိုးသမီးငယ်၏ နေအိမ်သို့ ရောက်ရှိလာပြီးနောက် အဓမ္မပြု ကျင့်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဥ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “အဲနေ့က မနက်ပိုင်းအစောမှာ သူက ကလေးမလေး နေအိမ်ကို အလည်လာတာ။ ပြီးမှ တောထဲပြန်သွားတာ။ တောထဲရောက်တော့ အဲ့ကလေးနေအိမ်မှာ လွယ်အိတ်မေ့ကျန်ခဲ့ တာ ပြန်လာယူတာ။ အဲ့ချိန်မှာ ကလေးအမေက ရေချောင်းဘက်မှာ အဝတ်တွေ သွားလျှော်နေတာ။ အိမ်မှာက အဲ့ဒီ ကလေးပဲရှိတယ်။ သူက အဲ့ကလေးကို အိမ်အနောက်မှာ ခေါ်သွားပြီး အဓ္ဓမပြုကျင့်ခဲ့တာပေါ့” ဟု ပြော သည်။

ကလေးမိခင်ဖြစ်သူမှာ ရေချောင်းမှ ပြန်လာပြီး ကလေးအား အိမ်ရှေ့တွင် လိုက်ရှာရာ မတွေ့ခဲ့ခြင်းကြောင့် အိမ် ပတ်ပတ်လည်တွင် ထပ်မံရှာဖွေချိန် ဦးအိုက်ကောင်းနှင့် သူမ၏ သမီးငယ်ဖြစ်သူတို့အား တွေ့ရှိခဲ့ခြင်း ဖြစ်သည် ဟု ဆက်ပြောသည်။

ထိုသို့ တွေ့တွေ့ချင်းမှာပင် ကလေး၏ မိခင်က ရွာသူကြီးများထံ သွားတိုင်ကြားခြင်း မလုပ်ဘဲ အနီးအနားရှိ TNLA တိုက်နယ်အဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဦးအိုက်ကောင်းကို TNLA တိုက်နယ်အဖွဲ့ တာဝန်ရှိသူများက လိုက်လံရှာဖွေခဲ့ကြရာ မုဒိမ်းမှုဖြစ်ပြီး နောက် ၄ ရက်မြောက်နေ့၊ မတ်လ ၂၈ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

TNLA ၏ တရားစီရင်ရေးအရ အသက်မပြည့်သေးသည့် ကလေးငယ်များကို မုဒိမ်းပြုကျင့်သည့် အမှုကို အကြီး မားဆုံး ပြစ်ဒဏ်အမှုဟု သတ်မှတ်ထားပြီး သေမိန့်နှင့် တစ်သက်တစ်ကျွန်း အထိ ထောင်ဒဏ်ရှိသည်ဟု TNLA တိုက်နယ်အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင်လည်း နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတစ်ရွာက ကလေးငယ်တစ်ဦးကို မုဒိမ်းပြုကျင့်ရန် ကြိုးစားသည့် အမျိုးသားတစ်ဦးအား တအာင်းတပ်မတော် PSLF/TNLA ၏ တရားရေးဌာနမှ ထောင်ဒဏ် ၄ နှစ်နှင့် ငွေဒဏ် ကျပ်သိန်း ၂၀ အမိန့်ချခဲ့သည်။