KNU မူးယစ်ဆေးဝါးဖြင့် ရပ်တည်ဟု သတင်းမှား ဖြန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်။

KNU ဟာ မူးယစ်ဆေးဝါးလုပ်ပြီး ရပ်တည်နေတယ်လို့ အဓိပ္ပာယ်သက်ရောက်စေတဲ့ ပြောဆိုမှုတစ်ခုကို ထိုင်းစစ် တပ် အကြီးအကဲက ပြောကြားလိုက်တယ်ဆိုတဲ့ သတင်းအမှားကို Western 24 News ဆိုတဲ့ Facebook စာမျက်နှာက မတ်လ ၂၅ ရက်နေ့က ရေးတင်ထားပါတယ်။

Western 24 News က “KNU သူပုန်ရဲ့ အသက်သွေးကြောဟာ မူးယစ်ဆေးဝါးဖြစ်တယ်လို့ ထိုင်းစစ်တပ်က အကြီးအကဲပြောကြား” လို့ ရေးသားထားတာပါ။

ဒါ့အပြင် ကျုံဒိုးမြို့ပေါ်က တိုက်ပွဲအခြေအနေကိုလည်း အနည်းငယ် ထည့်သွင်းရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Western 24 News က ရေးသားသလိုမျိုး ထိုင်းစစ်တပ် အကြီးအကဲ က အဲဒီစကား ကို ပြောဆိုခဲ့တာ မရှိလို့ပဲဖြစ်ပါတယ်။

တကယ်လို့ ထိုင်းစစ်တပ် အကြီးအကဲ အဲဒီစကားကို ပြောခဲ့မယ်ဆိုရင် ထိုင်းသတင်းဌာနတွေနဲ့ လွတ်လပ်တဲ့ မြန်မာသတင်းဌာနတွေကလည်း သတင်းရေးသားကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ဘယ်သတင်း ဌာနကမှ သတင်းရေးသားထားတာ မရှိပါဘူး။

မြန်မာနိုင်ငံထဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရေးသားလေ့ရှိတဲ့ ထိုင်းသတင်းဌာနတွေ ဖြစ်တဲ့ Thai PBS နဲ့ Thairath စတဲ့ သတင်းဌာနတွေမှာ ဒီသတင်းရေးသားထားတာကို မတွေ့ရပါဘူး။

Thai PBS နဲ့ Thairath သတင်းဌာနတွေမှာ သတင်းရေးသားထားတာ မရှိဘူးဆိုတာကို ဒီမှာ https://bit.ly/3M1KkLr နဲ့ ဒီမှာ https://bit.ly/3G3FadO ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စိစစ်လိုက်တဲ့အခါမှာ Western 24 News ဆိုတဲ့ Facebook စာမျက်နှာရဲ့ ရေးသားမှုဟာ KNU ကို ဂုဏ်သိက္ခာကျဆင်းအောင် ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။