မြိတ်-ဘုတ်ပြင်း ပြည်ထောင်စု လမ်းမကြီးကို လုံခြုံရေး အခြေအနေအရ ပိတ်ထားလိုက်ကြောင်း PDF ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်။

မြိတ်-ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းမကြီးတွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားနိုင်သည့် အတွက် ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း – ၂ က သတင်း ထုတ်ပြန်ထားသည်။

စစ်ရေးတင်းမာနေသည့် အခြေအနေများကြောင့် တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းကို ဧပြီ ၁ ရက်နေ့မှစတင် ပိတ်လိုက်ပြီးနောက် သုံးရက်အကြာတွင် မြိတ်-ဘုတ်ပြင်းသွားလမ်းကိုလည်း ပိတ်လိုက် ကြောင်း ထုတ်ပြန်ချက်အမှတ် ၅/၂၀၂၃ ဖြင့် ဧပြီ ၃ ရက်နေ့ က အရေးပေါ် ထုတ်ပြန် ပိတ်လိုက်ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း – ၂ တာဝန်ရှိသူက “ခရီးသွားပြည်သူတွေ ထိခိုက်မှာ စိုး ရိမ်လို့ ပိတ်ပင်နေတဲ့ကြားကပဲ ညဘက်ခရီးသွားတဲ့ ခရီးသည်တင်ကားကို မှားယွင်းပစ်မိသေးတယ်။ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ထုတ်ထားတဲ့ ထုတ်ပြန်ချက်တွေကို အသေအချာ လိုက်နာပေးကြစေချင်ပါတယ်” ဟု ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား စစ်ရေးတင်းမာနေသည့်အတွက် ပြည်ထောင်စု ကားလမ်းမကြီး တလျှောက်တွင် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ယခုကဲ့သို့ အရေးပေါ် သတိပေးထုတ်ပြန်ခဲ့ရတာဖြစ်ကြောင်း မြိတ်ခရိုင် ပကဖ တပ်ရင်း – ၂ တာဝန်ရှိသူက ပြောသည်။

ထုတ်ပြန်ချက်အတွင်း သွားလာခွင့်ပိတ်ပင်ထားသည့် နေရာများမှာ မြိတ်မြို့နယ် ကြေးနန်းတိုင်တံတားမှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိပါဝင်ခဲ့ပြီး ဧပြီ ၃ ရက်နေ့မှစတင်၍ ယာဉ်များ အသုံးပြုသွားလာခြင်း မပြုကြရန် ဖော်ပြထားသည်။

ထုံခါ – မောတောင် နယ်စပ် ကုန်သွယ်ရေးလမ်းကိုလည်း သွားလာခွင့် ဆက်လက်ပိတ်ထားမည် ဖြစ်ကာ ယခု ကြေညာချက်ကို ပြန်လည် မရုတ်သိမ်းမီ အချိန်အထိ အတည်ဖြစ်ကြောင်းကိုလည်း ရေးသားထားသည်။

ဧပြီ ၁ ရက်နေ့က မြိတ်-ကော့သောင်းသွား ပြည်ထောင်စု ကားလမ်းမကြီးပေါ် တွင် ညဘက် ဖြတ်သန်းသွားလာခဲ့ သည့် မြတ်မန္တာလာထွန်း ခရီးသည်ယာဉ်ကို တနင်္သာရီမြို့အထွက် ဆင်ခြေဖုံးကျေးရွာအုပ်စု လယ်တောင်ယာ ကျေးရွာနှင့် တမုတ်ချုံးကျေးရွာအကြား ရော်ဘာတောအနီးတွင် မှားယွင်းစွာ ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ် ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း – ၂ တာဝန်ရှိသူက ဆိုသည်။

မြိတ် – ဘုတ်ပြင်း – ကော့သောင်းမြို့များသို့ နေ့စဉ်ခရီးသည် တင်ကားနှင့် ကုန်ကား အစီးရေ ၁၀၀ ခန့် သွားလာမှု များ ရှိနေပြီး ယခုကဲ့သို့ ကားလမ်းအား ရက်ရှည်ကြာအောင် ပိတ်ထားလျှင် အရေးပေါ်သွားလာရမည့် ခရီးသွား ပြည်သူများအနေဖြင့် အခက်အခဲများ ကြုံရမည့်အပြင် ယာဉ်မောင်းများ စားဝတ်နေရေးပိုင်းလည်း ကြပ်တည်း သွားနိုင်သည်ဟု ကားသမားများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း မတ်လ နောက်ဆုံးပတ်မှ စတင်၍ နေ့စဉ် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်နေခဲ့သော် လည်း ဧပြီ ၃ ရက်နေ့တွင်မူ နှစ်ဖက်တိုက်ခိုက်မှု ပြန်ငြိမ်နေပြီး စစ်ကောင်စီဘက်မှလည်း တပ်ပြန်ဆုတ်ထား သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ဆိုသည်။