ရေတပ်သားများ ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်။
စစ်ကောင်စီလက်အောက်ခံ မောရဝတီရေတပ်သားများက သေနတ်ဖြင့် ပစ်ခတ်လိုက်သည့် ဆိုင်ကယ်စီးလာသူ အမျိုးသား သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော အဆိုပါ အမျိုးသားကို ရေတပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သွေးထွက်လွန်ကာ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “သူက ရာဘာခြံ အလုပ်သမားပါ။ အိမ်အပြန် ဆိုင်ကယ်မောင်း လာတဲ့အချိန် စစ်ကားနဲ့တိုးမိတာ။ စစ်တပ်ကားက ရပ်ခိုင်းတာ မကြားတော့ ကားပေါ် ကနေပြီး သေနတ်နဲ့ ၁၀ ချက်လောက် ပစ်လိုက်တာလို့ သိရတယ်” ဟု ပြောသည်။
ပစ်သတ်ခံရသူမှာ ဇာဒီကျေးရွာသား ကိုအောင်ကို အသက် ၂၇ နှစ်ဖြစ်ပြီး ဧပြီလ ၆ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်က သစ်လှတောရပ်ကွက် အတွင်း ဆိုင်ကယ် မောင်းနှင်လာစဉ် စစ်ကောင်စီ တပ်ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ ခြင်း ဖြစ်သည်။
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဇာဒီကျေးရွာတွင် ဧပြီလ ၆ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် နောက်ကျောတွင် ၁ ချက်၊ တင်ပါးဆုံတွင် ၁ ချက်၊ ခြေထောက်တွင် ၁ ချက် စုစုပေါင်း ၃ ချက် ထိမှန်ခဲ့သည်ဟု ရွာသားတစ်ဦးက ဆိုသည်။
ဒဏ်ရာ ရရှိသွားသည့် ကိုအောင်ကို အား မောရဝတီရေတပ် ဆေးရုံသို့ စစ်ကောင်စီတပ်များက ကားဖြင့် ပို့ ဆောင်ပေးခဲ့သော်လည်း ည ၈ နာရီ အျိန်ခန့်တွင် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
သေနတ်ထိမှန်ကာ လဲကျသွားပြီးနောက် စစ်ကောင်စီတပ်မှ လူနှင့် ဆိုင်ကယ် ကိုပါ စစ်ကားနှင့် တင်ဆောင်သွား သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
သေဆုံးသွားသူ ကိုအောင်ကို ရုပ်အလောင်းကို စစ်ကောင်စီတပ်က ခွဲစိတ်ပြီးနောက် ဧပြီလ ၇ ရက်နေ့ နံနက် ပိုင်းတွင် အလောင်းကို ထုတ်ပိုးကာ မိသားစုဝင်များအား ထုတ်ယူခွင့် ပေးခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ကိုအောင်ကို အလောင်းကို ထုတ်ယူခဲ့ပြီးနောက် မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် မိသားစုဝင်များမှ ဇာဒီကျေးရွာ သုသာန်၌ နေ့ချင်းပြီး သင်္ဂြိုလ်လိုက်ပြီဟု နီးစပ်သူ တစ်ဦးက ပြောသည်။
သေဆုံးချိန်တွင် ကိုအောင်ကို၏ ဇနီးဖြစ်သူတွင် ကိုယ်ဝန် ၄ လ ရှိနေပြီး အသက် ၄ နှစ် အရွယ် သမီး တစ်ဦး လည်း ကျန်ရစ်ခဲ့သည်။