ထိုင်းနယ်စပ် မောတောင် လမ်းတွင် စစ်ကောင်စီတပ်ကို ခြုံခိုတိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်။

ထိုင်းနယ်စပ်သွား မောတာင်လမ်းအတိုင်း ရိက္ခာသွားပို့မည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်၏ ခြေလျင် စစ် ကြောင်းကို ခြုံခိုစောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများ ရှိသည်ဟု ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲတွင်ပါဝင်ခဲ့သူ ကျွန်းစု- ပကဖပြန်ကြားရေး တာဝန်ခံက “တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းက မောတောင် လမ်းမှာရှိတဲ့ စစ်ကြောင်းကို ရိက္ခာသွားပို့မယ်ဆိုတာ ကြိုပြီး သတင်းရထားလို့ ကြားဖြတ်တိုက်ခိုက်ဖို့ ခြုံခို စောင့်နေတာပါ” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ သို့ သော် ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်သူမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ-၂၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ နှင့် ကျွန်းစု မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နယ်စပ်ဒေသသွား မောတောင်လမ်းအတိုင်း တနင်္သာရီမြို့မှ သိန်ခွန်းကျေးရွာဘက်သို့ ဦးတည် ထွက်ခွာလာ သည့် စစ်ကောင်စီ ခြေလျင် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လယ်တောင်ယာကျေးရွာ အနီးတွင် ဧပြီလ ၆ ရက်နေ့၊ နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်ခန့်က ခြုံခိုပြီး စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် တနင်္သာရီအခြေစိုက် စစ်ကောင်စီတပ် ခမရ -၅၆၁ နှင့် အမတ – ၃၀၆ တပ်ရင်းများကနေလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကို ရမ်းသန်းပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှစ်ဘက်ကြား စစ်ရေးတင်းမာနေသည့် ထုံခါ – မောတောင် လမ်းပိုင်းတွင် မတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ဧပြီလ ၆ ရက်နေ့အထိ ၉ ရက်အတွင်း တိုက်ပွဲပေါင်း အကြိမ်ရေ ၂၀ ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။