စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်မှုကြောင့် မြိတ်-ကော့သောင်း ပြည်ထောင်စု လမ်းမရှိ တံတား တစ်စီး ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၉ ရက်။
မြိတ် – ကော့သောင်းသွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တံတားတစ်ခုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပြီး တံတားတစ်စီးလည်း ပျက်စီးသွားခဲ့ရာ ခရီးသည်တင် ယာဉ်လိုင်းများ ဖြတ်သန်းသွားလာ၍ မရတော့ဘူးဟု ဒေသခံများက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာမှာ ရမ်းဖိုတံတားတွင် ဖြစ်ပြီး တနင်္သာရီမြို့နှင့် မြိတ်မြို့အကြား တနင်္သာရီမြို့နယ် အတွင်းရှိ ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုကျေးရွာထိပ်တွင် တည်ရှိသည်။
အသက် ၅၀ ခန့်အရွယ် ရမ်းဖိုရွာသားတစ်ဦးက “ကားမပြောနဲ့ ဆိုင်ကယ်တောင် တွန်းပြီး ဖြတ်မရအောင် ပျက် စီး သွားတယ်။ ရွာသားတွေလည်း မနေရဲတော့ဘူး။ အားလုံး နီးစပ်ရာ ထွက်ပြေးနေကြရတယ်” ဟု ပြောသည်။
ပြည်ထောင်စု လမ်းမကြီးပေါ်တွင်ရှိသည့် ရမ်းဖိုတံတားကို ဖြတ်သန်းပြီးမှသာ တနင်္သာရီမြို့၊ မောတောင်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့ သွားရောက်နိုင်သဖြင့် ယခု ပျက်စီးသွားသည့် တံတားမှာ ဒေသတွင်း အချက်အခြာကျသည့် တံတားတစ်စင်းလည်း ဖြစ်သည်။
စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲခံရသဖြင့် တံတားကျိုးကျကာ တစ်ဖက်နိမ့် ပျက်စီးသွားသဖြင့် ယာဉ်များ ဖြတ် သန်းသွားလာ၍ မရတော့ဘဲ လှည့်ပြန်နေကြရသည်ဟု ယာဉ်မောင်းသူများက ဆိုသည်။
ဧပြီလ ၅ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က တံတားမိုင်းခွဲခံခဲ့ရခြင်း ဖြစ်ပြီး ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြိတ် – ကော့သောင်း အဝေးပြေးကားလိုင်းများကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ခရီးသည်တင် အဝေးပြေးယာဉ်လိုင်း ဂိတ်မှူးတစ်ဦးက ပြောသည်။
မြိတ်-ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းမကြီးနှင့် နယ်စပ်ဒေသသွား ထုံခါ-မောတောင်လမ်းပိုင်းတို့တွင် စစ် ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး မတ်လ ၂၉ ရက်နေ့မှ စတင်ကာ ဧပြီလ ၅ ရက်နေ့ အထိ နေ့စဉ် နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွားပြည်များ ထိခိုက်မှု မရှိစေရန် ထုံခါ-မောတောင်လမ်းပိုင်းကို ဧပြီလ ၁ ရက်နေ့မှစတင်၍ ပိတ်ထားခဲ့ပြီးနောက် ဧပြီလ ၃ ရက်နေ့တွင်လည်း မြိတ်မြို့နယ်၊ ကြေးနန်းတိုင်တံတားမှ ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအထိ ပြည်ထောင်စု ကားလမ်းမကြီးကိုပါ အရေးပေါ် ထပ်မံပိတ်လိုက်ရသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ဧပြီလ ၄ ရက်နေ့ကလည်း ဘန်းလမွတ်ကျေးရွာအနီးက မြိတ်-ကော့သောင်းသွား အဝေးပြေးလမ်းမပေါ်ရှိ ဘန်းလမွတ်ကျေးရွာအနီး စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံခဲ့ရသေးသည်။