လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် လူ ၁၀ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် အစထိမှန်ပြီး ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ ပုလောမြို့နယ်အတွင်းရှိ ဝက်တိုးကျေးရွာက ရွာသားများ ဖြစ်ကြပြီး တစ်မိုင်တောင်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ထိခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်မှ PDF တပ်များနှင့် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ဝက်တိုးကျေးရွာသည် မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းက မကြာခဏတိုက်ပွဲ ဖြစ်ပွားလေ့ရှိသည့် ပုလောကုန်း ကျေးရွာနှင့် တဆက်တည်း ကပ်လျက်ရှိသည့် ကျေးရွာဖြစ်သည်။

ဧပြီလ ၅ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်က တစ်မိုင်တောင်ရှိ စစ်ကောင်စီတပ်မှ ဝက်တိုးကျေးရွာသို့ လက်နက်ကြီး လေးလုံးပစ်ခတ်ခဲ့ပြီး နှစ်လုံးမှာ ရွာအလယ် စာသင်ကျောင်းအနီးတွင် ပေါက်ကွဲခဲ့သည်ဟု ရွာသားများက ဆို သည်။

ထိခိုက်ဒဏ်ရာရသူ ရွာသား ၁၀ ဦး အနက် ၉ ဦးမှာ ဆေးကုသမှု ခံယူကာ နေအိမ်ပြန်ရောက်နေကြပြီ ဖြစ်သော် လည်း ဒဏ်ရာ ပြင်းထန်သည့် အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးမှာ ပုလောပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက် ခံယူနေရဆဲဖြစ်သည်ဟု ရွာသားများက ပြောသည်။

အသက် ၃၅ နှစ်အရွယ် ဝက်တိုးရွာသားတစ်ဦးက “ကလေးက ရင်ဘတ်နဲ့ ဘယ်ဘက်ဒူးအထက်မှာ အသားစ တွေ စုတ်ပြဲသွားတာ။ ဒဏ်ရာအတော်များတယ်။ အသက်အန္တယ်လည်း စိုးရိမ်နေရတယ်လို့ သိရတယ်” ဟု ပြောသည်။

ဧပြီ ၄ ရက်နေ့၊ ည ၉ နာရီခန့်က ပုလောကုန်းကျေးရွာ အုပ်စုများဘက်သို့ လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်
ခတ်ခဲ့သည့်အပြင် ၅ ရက်နေ့ နံနက်အစောပိုင်းတွင်လည်း ထပ်မံ၍ ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။