ရပ်ကျေးအုပ်ချုပ်ရေးမှူး သတ်မှုဖြင့် စွပ်စွဲခံရသူ အမျိုးသား ရဲစခန်းတွင် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်။

ရပ်ကျေး အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံမှုဖြင့် ပတ်သက်၍ စွပ်စွဲဖမ်းဆီးခံထားရသော အမျိုးသားတစ်ဦး ကျုံပျော် မြို့မရဲစခန်းတွင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် စစ်ဆေးပြီးနောက် ရဲစခန်းသို့ ပို့ဆောင်ကာ ထပ်မံ နှိပ်စက် စစ်ဆေးသည့် အချိန်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

အုပ်ချုပ်ရေးမှူး ပစ်သတ်ခံမှုကြောင့် သံသယဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၃၈ နှစ်အရွယ် ကိုသိန်းထိုက်ဦး ဆိုသူက ရဲစခန်းရှိ အိမ်သာထဲတွင် မတ်လ ၃၁ ရက်နေ့က ကြိုးဆွဲချ သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့က ကနဦး သ တင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ “ကြိုးဆွဲချ သေသွားတယ် ဆိုတာကို သိရတဲ့သူ အားလုံးက မယုံဘူး။ နှိပ်စက်ခံရတဲ့ ဒဏ်ရာကြောင့် သေရတာပါ” ဟု မိသားစု နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

မတ်လ ၃၁ ရက်နေ့က ကိုသိန်းထိုက်ဦး ကြိုးဆွဲချကာ သေဆုံးသွားကြောင်း မိသားစုထံ ဧပြီလဆန်း ၁ ရက်နေ့ တွင် ရဲတပ်ဖွဲ့က အကြောင်းကြားလာခဲ့ခြင်း ဖြစ်သည်။

သို့သော် မိသားစုဝင်များအား အလောင်းကြည့်ခွင့်ပင် မပေးဘဲ ရဲတပ်ဖွဲ့က စောင့်ကြပ်၍ ဆေးရုံ ရင်ခွင်ရုံမှ ခရုရိုး သုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်လိုက်သည်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူအချို့၏ ပြောပြချက်အရ သိရ သည်။

သေဆုံးသွားသူ ကိုသိန်းထိုက်ဦးသည် ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးအုပ်စု၊ လှေဆွဲကျေး ရွာမှာနေထိုင်သူဖြစ်ပြီး သာ မန် လယ်သမားတစ်ဦးဖြစ်ကာ အင်းဖျားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းစန်း အသတ်ခံရပြီးနောက် စစ်ကောင် စီ၏ စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ အယောက် ၂၀ ထဲက တစ်ဦး ဖြစ်သည်။

ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက “အဖမ်းခံရတဲ့သူ အားလုံးကို စစ်ကြောရေးမှာ နှိပ်စက်စစ်ဆေးထားတာ သေ လောက်တဲ့ ဒဏ်ရာတွေနဲ့ ရဲစခန်းကို ပို့လိုက်တယ်။ ပြီးတော့ ရဲစခန်းမှာ ထပ်နှိပ်စက်ကြပြန်တယ်” ဟု ပြော သည်။

အုပ်ချုပ်ရေးမှူး ဦးထွန်းစန်း ပစ်သတ်ခံရပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) က မျိုးကျော်ကျော် ဆိုသူ ဦးဆောင်ကာ ခလရ ၃၆ တပ် စစ်ကြောရေးတွင် ဖမ်းဆီးခံထားရသူ အယောက် ၂၀ လုံး နှိပ်စက်ခံရသဖြင့် ဒဏ်ရာများ အသီးသီး ရရှိထားပြီး ကိုသိန်းထိုက်ဦးမှာမူ ၎င်း၏ လည်ပင်း အပါအဝင် နေရာအနှံ့တွင် ပြင်းထန် ဒဏ်ရာများ ရရှိထားသည် ဟု ၎င်း က ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့၊ ညနေ ၆ နာရီအချိန်က ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာက စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး ဦးထွန်းစန်း ဆိုသူကို ကျုံပျော်မြို့ပြပြောက်ကျားတပ်ဖွဲ့ (KSTF) က နန်းထိုက်အောင်စစ်ဆင် ရေး စီမံချက် အရ ပစ်သတ်ခဲ့သည်။

ဦးထွန်းစန်းဆိုသူ၏ သတင်းပေးမှုကြောင့် ၂၀၂၁ ဇွန်လတွင်းက လှေဆွဲကျေးရွာကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦးသေဆုံးပြီး အယောက် ၃၀ ကျော် အဖမ်းရကာ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရသည်။