ပုသိမ်တွင် ဗုံး သုံးလုံး ဆက်တိုက်ပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်။
ပုသိမ်မြို့လယ်မှာ တမနက်တည်း၌ ဗုံး ၃ လုံး နာရီပိုင်းသာခြား၍ ပေါက်ကွဲခဲ့ကြောင်း မြို့ခံများက ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ရွှေစေတီလမ်းက မြန်မာစီးပွါးရေး ဘဏ်ရှေ့ရှိ စစ်ကောင်စီ၏ လုံခြုံရေး ကင်းစခန်း ဘန်ကာတွင် ဗုံး ၃ လုံး တမနက်တည်း၌ နာရီခြားပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
မျက်မြင်တွေ့ရှိသူ တစ်ဦးက “၈နာရီကျော်လောက်က ပေါက်ကွဲတဲ့ အလုံးက စစ်တပ်နဲ့ ရဲတွေက မပေါက်ခင် ရှာတွေ့သွား ပြီးဖောက်ခွဲ ဖျက်ဆီးလိုက်တာ” ဟု ပြောသည်။
ဧပြီလ ၅ ရက်နေ့၊ နံနက် ၇ နာရီအချိန်က ဗုံးတစ်လုံး၊ နံနက် ၈ နာရီကျော်အချိန်တွင် ဗုံးတစ်လုံးနှင့် နံနက် ၉ နာရီ ၂၅ မိနစ် အချိန်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု ပုသိမ်မြို့ခံများက ဆက်ပြောသည်။
ထို့နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြို့လယ်လမ်းတွေကို ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ယင်းဘန် ကာအနီး၌ပင် တတိယမြောက် ဗုံးတစ်လုံးပေါက် ထပ်မံပေါက်ကွဲသည်။
ပေါက်ကွဲမှု ဖြစ်ပွါးခဲ့သည့် နေရာမှာ ပုသိမ်မြို့လယ်က လူစည်ကားသည့် နေရာဖြစ်သော်လည်း ပေါက်ကွဲမှု ၃ ခုစလုံးမှာ လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးဟု မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (PSTF) က ၎င်းတို့ ၏ တပ်ဖွဲ့ဝင်များက ဗုံးနှစ်လုံးကို အဝေးထိန်းစနစ်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ဟု သတင်းထုတ်ပြန်သည်။
အလားတူ ဧပြီလ ၂ ရက်နေ့ကလည်း ဝါးခယ်မမြို့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲကို ဒေသခံ တော်လှန် ရေး အင်အားစုများက ဗုံးခွဲတိုက်ခိုက်ရာ အဆောက်အအုံ နံရံများ ပျက်စီးခဲ့သည်။
ဝါးခယ်မရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် က ဝန်ထမ်းများသည် ဒေသခံ တောင်သူများအနေဖြင့် စိုက်ပျိုး စရိတ်ချေးငွေများ ပြန်မဆပ်ပါက လယ်ယာများကို သိမ်းမည်ဟု ခြိမ်းခြောက်သောကြောင့် ဧရာဝတီစစ်ဒေသခွဲ ၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီ လင်းပိုင်အဖွဲ့နှင့် ဝါးခယ်မ ပကဖ အဖွဲ့တို့က ၎င်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ဟု သတင်းထုတ်ပြန်သည်။