ကာကွယ်ရေး အဖွဲ့အမည်ဖြင့် ငွေတောင်းခံမှုများ ရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်။

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်အသုံးပြုပြီး ကျေးရွာနေ ပြည်သူများအား ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေကြေးတောင်းယူမှုများ ရှိနေသည်ဟု ကျွန်းစုမြို့နယ်အတွင်းက ဒေသခံများက ပြောသည်။

ယခုနှစ် မတ်လမှစတင်၍ ယနေ့အချိန်ထိ ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေတောင်းခံနေခြင်း ဖြစ်သည်ဟု ပြော သည်။

ငွေပေးခဲ့လိုက်ရသည့် အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ရွာမှာက အင်တာနက်နက်မရှိပါဘူး၊ CDMA ကမ်းရိုးတန်းဖုန်းတစ်ခုပဲ တိုင်ထောင်ထားမှ လိုင်းမိတာပါ။ လူတိုင်း ဖုန်းမကိုင်နိုင်ကြဘူး။ လုပ်ငန်းရှင်တချို့နဲ့ စျေးဆိုင်တချို့တို့ပဲ ကိုင်နိုင်တယ်။ အဲဒီဖုန်းတွေနဲ့ခေါ်ပြီး ခြိမ်းခြောက် ငွေတောင်းတာပါ” ဟု ပြောသည်။

လက်နက်နှင့် ကျည်ဝယ်ယူရန်အတွက် လိုအပ်မှုရှိနေကြောင်း၊ ပေးဆောင်ခြင်း မရှိလျှင် စစ်ကောင်စီ အားပေးသူ ဒလန်ဟု သတ်မှတ်မည်ဖြစ်ပြီး နောက်ဆက်တွဲဖြစ်လာမည့် ပြဿနာများကို တာဝန်ယူဖြေရှင်းမည် မဟုတ် ကြောင်း ခြိမ်းခြောက် ပြောဆိုနေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်ဟု ၎င်းရွာသားက ဆက် ပြော သည်။

ငွေတောင်းခံရာတွင်လည်း သတ်မှတ်ထားသည့် နေ့ရက်အတိုင်း ငွေလွှဲပေးရန် Wave pay ဖုန်းနံပါတ်ပေး ထား သည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ၎င်းတို့အဖွဲ့၏ အမည်အသုံးပြုပြီး ကျေးရွာနေ ပြည်သူများအား ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေကြေးတောင်းယူမှုများ ရှိနေကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၄ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ လိမ်လည်တောင်းခံမှုများကို ပြီးခဲ့သည့် တစ်လ ခန့်ကမှ စပြီး ကျေးရွာသားများထံမှတဆင့် သိရှိခဲ့ရသည်ဟု ကျွန်းစုမြို့နယ် ပ.က.ဖ အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဓိက ငွေကြေးတောင်းခံနေရသည့် ကျေးရွာအများစုမှာ ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စု နှင့်ကော်ဇယာ ကျေးရွာအုပ်စုတို့အတွင်းမှ ရွာများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သိရှိထားရသည့် စာရင်းများအရ ကျေးရွာ ၅ ရွာခန့်ရှိနေပြီး ၂ ရွာကတော့ ငွေကြေးကို မြိတ်မြို့ပေါ်ရှိ Wave pay ဖြင့်ပေးခဲ့ကြရသူ ရွာသား ၈ဦးရှိပြီး ဖြစ်သည်ဟု သိရှိထားကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပ.က.ဖ သည် စတင်ဖွဲ့စည်း ချိန်မှစ၍ ပြည်သူများထံသို့ ဖုန်းနှင့် ဆက် သွယ်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ခြင်း အလျဉ်း မရှိခဲ့ပါကြောင်း၊ ထိုသို့ ငွေကြေးတောင်းခံမှုများသည် မိမိတို့အဖွဲ့ – ပ.က.ဖ နှင့် လုံးဝ သက်ဆိုင်မှုမရှိကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ကျွန်းစုမြို့နယ် ပ.က.ဖ အနေဖြင့် ဖုန်းဆက်ကာ ငွေတောင်းနေသည့် ဖုန်းနံပါတ်နှင့် ရွာသားအချို့ ငွေလွှဲပေးခဲ့ရ သည့် ဖုန်းနံပါတ်များကို လိုက်လံ ဆက်သွယ် စုံစမ်းခဲ့ရာတွင် ဖုန်းစက်ပိတ်ထားမှုနှင့်သာ ကြုံတွေ့နေရကြောင်း နှင့် ယခုကဲ့သို့ ငွေကြေးလိမ်လည်တောင်းခံမှုများ ရှိနေခြင်းကြောင့် ဒေသခံများ သိရှိစေရန် စာထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်ဟုလည်း ပ.က.ဖ တာဝန်ခံက ပြောသည်။

အဖွဲ့၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကျဆင်းစေရန် ဆက်သွယ်ရေးစနစ် အားနည်းချက်ကို အခွင့်ကောင်းယူ၍ နွေဦး တော်လှန်ရေးကို အကြောင်းပြ ခုတုံးပြုလုပ်နေသူများအား ထိရောက်စွာ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ရန် အတွက် စုံစမ်းနေဆဲဖြစ်ပြီး အချက်အလက် အတော်များများကိုလည်း ရရှိထားပြီးဖြစ်သည်ဟု ပ.က.ဖ တာဝန်ခံ က ပြောသည်။

ဖုန်းဖြင့်ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုများ ထပ်မံပြုလုပ်လာပါက ပြည်သူများ အနေဖြင့် မှတ်တမ်းများ ရယူထား၍ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး – ပ.က.ဖ အဖွဲ့၏ Facebook Page Messenger တွင် သတင်း ပေးတိုင်ကြားနိုင်ပါကြောင်း ရေးသားထားသည်။