ဝါးခယ်မ လယ်ယာဖွံ့ဖြိုးရေး ဘဏ် ဗုံးခွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်။

ဝါးခယ်မရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဗုံးခွဲခံလိုက်ရသည်ဟု မြို့ခံများက ပြောသည်။

တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်မဆပ်ပါက လယ်ယာများကို သိမ်းမည် ခြိမ်းခြောက်သော ဝါးခယ်မမြို့က မြန်မာ့လယ်ယာ ဖွံ့ဖြိုးဘဏ် ဗုံးခွဲခံရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ဒေသခံ တောင်သူ တစ်ဦးက “အဲဒီရုံး မန်နေဂျာနဲ့ ဝန်ထမ်းတွေက စိုက်ပျိုးစရိတ် ချေးငွေ ပြန်မဆပ်နိုင်ရင် လယ်သိမ်းမယ်လို့ ခြိမ်းခြောက် တောင်းနေတာ။ လယ်မကောင်းတဲ့သူတွေက အဲ့ဒီ ဝန်ထမ်းတွေဆီကနေ အတိုး ကြီးနဲ့ ချေးပြီးဆပ်နေရတာ” ဟု ပြောသည်။

ဧပြီလ ၂ ရက်နေ့၊ နံနက် ၃ နာရီဝန်းကျင် အချိန်က ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ ကမ်းနားလမ်းတွင် ရှိသည့် မြန် မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တောင်သူများက စိုက်ပျိုး စရိတ်ချေးငွေကို ပြန်ဆပ်ရာမှာ ဌာနမှငွေကို ဝန်ထမ်းများက ဖလှယ်ငွေလုပ်ကာ အတိုးဖြင့် ချေးပြီး အဆပ်ပြခိုင်းခြင်းဖြစ်၍ တောင်သူများအနေဖြင့် အရင်းပေါ် အတိုးဆင့်ကာ နစ်နာရသည်ဟု တောင်သူ တစ်ဦးက ပြောသည်။

ဝါးခယ်မမြို့က မြန်မာ့လယ်ယာ ဖွံ့ဖြိုးဘဏ်ရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွါးပြီးနောက် နံနက် ၆ နာရီကျော် အချိန်ခန့် တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ရဲများ လာရောက် စစ်ဆေးခဲ့ရာ လက်လုပ် ဗုံးတစ်လုံး ပေါက်ကွဲခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့၏ ပြောပြချက်အရ သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယထပ် ညာဘက်ထောင့် ဝရံတာ၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ကြောင့် အုတ်နံရံများ ပြိုကျပျက်စီးခဲ့သည်။

မြို့ခံတစ်ဦးက “ရုံးကတော့ အတော်ပျက်စီး သွားတယ်။ လူ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ဗုံးပေါက်တဲ့ အသံ ကြားရတယ်။ ညဖက်အပြင် မထွက်ရတဲ့ချိန် ဖြစ်နေတော့ ဘယ်သူမှ မထွက်ရဲကြဘူး” ဟု ပြောသည်။

အဆိုပါ ဖောက်ခွဲမှုကို ဧရာဝတီစစ်ဒေသခွဲ၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီ လင်းပိုင်အဖွဲ့နှင့် ဝါးခယ်မ ပကဖ အဖွဲ့တို့က ၎င်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ဟု သတင်းထုတ်ပြန်သည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများက ဒေသခံ တောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ် ကြ ရန် နှင့် မဆပ်ပါက လယ်ယာများကို သိမ်းမည်ဟု ခြိမ်းခြောက် အကျပ်ကိုင် တောင်းနေ၍ ဖောက်ခွဲရခြင်း ဖြစ် သည်ဟု သတင်းထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြပါရှိသည်။

အလားတူ ဝါးခယ်မ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် – စိုက်ပျိုးရေး ဘဏ်ခွဲမှ မန်နေဂျာနှင့် ဝန်ထမ်းများ၊ ရပ် ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စိုက်ဘဏ် တာဝန်ခံများ အနေဖြင့် စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်း လုပ်ဆောင်နေ မည်ဆိုပါက မည်သူ့ကိုမဆို အရေးယူ တိုက်ခိုက်သွားမည်ဟု ဧရာဝတီ လင်းပိုင်အဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။