မန္တလေး လန်ဒန်ဆေးရုံ ပိုင်ရှင် အုပ်ချုပ်ရေးမှူးအား ပြောက်ကျားတပ်ဖွဲ့ ရှင်းလင်း ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်။

မန္တလေးတွင် ဆေးရုံပိုင်ရှင် အုပ်ချုပ်ရေးမှူး တစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု အောင်စည်တော် စစ်ဆင် ရေးအဖွဲ့ (AST-MDY) ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူများက ပြောသည်။

မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေမှူး ဆိုသူအား ပစ်ခတ် ရှင်းလင်းခဲ့သည်ဟု အောင်စည်တော် စစ်ဆင်ရေးအဖွဲ့(AST-MDY) ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူများက ပြောသည်။

AST-MDY ပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြာရေး တာဝန်ရှိသူ တစ်ဦးက “မနက် အစောကြီးမို့နဲ့ တူတယ်။ စစ်သား တစ်ကောင်မှ မရှိဘူး။ ခါတိုင်းဆို သူတို့ ကင်းပုန်း ရှိတယ်။ သေနတ်သံကြားတာနဲ့ ဘယ်သူမှ အနား မကပ်ရဲ ကြဘူး။ ရဲကို အကြောင်းကြားတာလည်း မရှိဘူး။ ပြည်သူတွေ အတော်ညီတယ်” ဟု ပြောသည်။

(ဆ)ရပ်ကွက် ၁၃၁ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ ၎င်းပိုင်ဆိုင်သည့် လန်ဒန်ဆေးရုံ၌ ရှိနေစဉ် ယမန်နေ့ ဧပြီလ ၃ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် လျှပ်တစ်ပြတ် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ပစ်ခံရသည့် အုပ်ချုပ်ရေးမှူးမှာ အသက် ၅၀ ကျော်အရွယ် ဦးစိုးမင်းဟန် ဆိုသူ ဖြစ်ပြီး အခင်းဖြစ်သည့် နေရာ၌ ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ဆိုသည်။

ထို့အပြင် ၎င်း၏ တူတော်စပ်သူမှာလည်း ဓါးဖြင့် ပြေးဝင်လာပြီး ရန်မူသောကြောင့် သေနတ်ဖြင့် ခုခံခဲ့ရသည်ဟု AST-MDY ပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြာရေး တာဝန်ရှိသူက ဆက်ပြောသည်။

“အုပ်ကြီးက ထွက်ပြေးတော့ ၁၀ ချက်လောက် ပစ်လိုက်ရတယ်။ သူ့တူက ဓါးဆွဲပြီး ပြေးဝင်လာလို့ တစ်ချက် ကာပစ်လိုက်ရတယ်။ သူကတော့ မသေဘူးလို့ ကြားပါတယ်။ မဆိုင်တဲ့ လူကိုတော့ ကျနော်တို့ သေအောင် မလုပ်ပါဘူး။”

အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်သည် စစ်ကောင်စီအား သတင်းပေးနေသည့် ပျူစောထီးခေါင်းဆောင် တစ်ဦး ဖြစ်နေခြင်း၊ စစ်ကောင်စီ၏ အမာခံထောက်တိုင် လန်ဒန်ဆေးရုံပိုင်ရှင် ဖြစ်နေခြင်း၊ Mytel ဆက်သွယ်ရေး လုပ်ငန်း၏ မိတ်ဖက် လုပ်ငန်းရှင် (Partner) ဖြစ်ခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ ကျူးကျော်နေအိမ်များကို ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု AST-MDY ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူး ဦးစိုးမင်းဟန်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်ကျင်းပသည့် ရက်တွင်လည်း (ဆ) ရပ်ကွက်အတွင်း လူစည်ကားစေရန် ထမင်း/ဟင်း တစ်ပွဲကို ၅၀၀ ကျပ်ဖြင့် ဟန်ရေးပြ ရောင်းချခဲ့ဖူးသည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။

၎င်းသေဆုံးပြီးနောက်တွင် လန်ဒန်ဆေးရုံ အနီးတစ်ဝိုက်တွင် လမ်းသွား လမ်းလာ ပြည်သူများကို အစစ်အဆေး တင်းကြပ်ခဲ့ပြီး မသင်္ကာသူများကို ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့က ဆိုသည်။

AST-MDY ပြောက်ကျားတပ်ဖွဲ့သည် မတ်လ ၃၁ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၏ စစ်ကောင်စီခန့် ရာအိမ်မှူး ပျူစောထီးခေါင်းဆောင် ကိုဆန်းအောင် (ခ) စမုတ်ကို သေနတ်ဖြင့် ၇ ချက် ပစ်ခတ် ရှင်းခဲ့ရာ ၎င်းထံမှ Glock ပစ္စတို ပွိုင့် ၃၈၀ တစ်လက်၊ ကျည် ၂၂ တောင့်နှင့် ဖုန်း ၂ လုံး သိမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။