ရိုဟင်ဂျာ ၁၃၀ နီးပါး သံလွင်မြစ်အတွင်း ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နှင့် ၁၀ မိုင်အကွာ၊ သံလွင်မြစ်အတိုင်း စုန်ဆင်းလာသည့် စက်လှေပေါ်တွင် လိုက်ပါ လာကြသော ရိုဟင်ဂျာ ၁၂၈ ဦး ဖမ်းဆီးခံရသည်ဟု ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြော သည်။

အဆိုပါ စက်လှေအား ဧပြီလ ၂ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီကျော် အချိန်ခန့်တွင် စစ်ကောင်စီ လက်အောက် ခံ ရေတပ်မှ ဝင်ရောက် စစ်ဆေးခဲ့ရာ လှေဝမ်းဗိုက်အတွင်း၌ လိုက်ပါလာသည့် အထောက်အထားမဲ့ ရိုဟင်ဂျာ များအား တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “တချို့က လှေဝမ်းဗိုက်ထဲမှာ လိုက်လာတာ။ တချို့က လှေပေါ်က မိုးကာအောက်မှာ ပုန်းပြီး လိုက်လာတာ။ ကလေးတွေလည်း အများကြီး ပါတယ်။ အကုန်လုံးတော့ မော်လမြိုင် ရဲစခန်း ပို့လိုက်တယ်ပြောတယ်။ အသေးစိတ်ကိုတော့ ကျနော်တို့လည်း စုံစမ်းနေတုန်းပါ” ဟု ပြော သည်။

ဖမ်းဆီးခံရသူများမှာ စက်လှေမောင်းသူ အမျိုးသား ၂ ဦးအပြင် အမျိုသား ၁၀၂ ဦး၊ အမျိုးသမီး ၂၀ ဦး၊ ၁၈ နှစ် အောက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၂၈ ဦး ပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့မှာ ရခိုင်ပြည်နယ်၊ စစ်တွေနှင့် မင်းပြားမြို့နယ်တို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ကြပြီး မြဝတီမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံ၊ ထိုမှတစ်ဖန် မလေးရှားနိုင်ငံသို့ ‌အောက်လမ်းမှ သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

အလားတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာကြားတို့တွင် မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ ၃ ရက်တာအတွင်း ရိုဟင်ဂျာ အမျိုးသား ၁၃၀ ဦးနှင့် အမျိုးသမီး ၆၉ ဦး၊ စုစုပေါင်း ၁၉၉ ဦး ဖမ်းဆီးခံခဲ့ရသေးသည်ဟု ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်သူများက ပြောသည်။

ပြီးခဲ့သည့် ဇန္နဝါရီနှင့် ဖေဖော်ဝါရီလများတွင်လည်း ရိုဟင်ဂျာ ၄၀ ဦးအထိ ဖမ်းဆီးခံခဲ့ရပြီး ယခု ၂၀၂၃ ခုနှစ် အတွင်း မွန်ပြည်နယ် တစ်ပြည်နယ်တည်း၌ပင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဦးရေ ၃၆၇ ဦးအထိ ရှိပြီဟု ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။

ယခင် NLD အစိုးရလက်ထက်က ဖမ်းဆီးခံရသော ရိုဟင်ဂျာများကိုမူ ၎င်းတို့၏ မူလနေထိုင်ရာ မြို့ရွာများသို့ ပြန်လည်ပို့ဆာင်ပေးခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်ထက်တွင် လဝက ဥပဒေများဖြင့် ထောင်ဒဏ်များ ချမှတ်လျက်ရှိရာ ၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ အယောက် ၃၀၀ နီးပါးခန့်ကို ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်အတွင်း ချမှတ်ခဲ့သည်ဟု ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူများက ကောက်ခံစုဆောင်း ထားသည့် စာရင်းများအရ သိရသည်။

စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာများအား နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ပြန်လည်လက်ခံရန် အသင့်ရှိနေသည်ဟု ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာများမှာမူ မကြာခဏ ဖမ်းဆီးခံနေရသောကြောင့် စစ်ကောင်စီ၏ ပြောစကားများကို အယုံအကြည်မရှိဘူးဟု ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်နေသူများက ပြောဆိုထားသည်။