လောင်းကစားဝိုင်းတွင် ဖမ်းခံရသူ ၉ ဦး မိသားစုနှင့် အဆက်အသွယ်မရသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်။
ရွာငံက လောင်းကစားဝိုင်းတွင် ဖမ်းဆီးခံရသည့် အရပ်သား ၉ ဦး တစ်ပတ်ကျော် ကြာသည်အထိ မိသားစုဝင် များနှင့် အဆက်သွယ်မရသေးဘူးဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် လောင်းကစားဝိုင်း တစ်ခုအား စစ်ကောင်စီတပ်များမှ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ရွာငံမြို့နယ်၊ ကျောက်ဂူပြင်ကျေးရွာတွင် လောင်းကစားဝိုင်း ပြုလုပ်နေသည့် အရပ်သား ၁၀ ဦးအား မတ်လ ၂၃ ရက်နေ့တွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၄ ရက်နေ့အထိ မိသားစုဝင်များနှင့် အဆက်သွယ် မရသေး ဘူးဟု ကျေးရွာနေ ပြည်သူများက ပြောသည်။
ကျောက်ဂူပြင် ကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက “စဖမ်းတုန်းကတော့ မီဒီယာပေါ် တက် လာရင် အမှုပိုကြီးမှာစိုးလို့ မဖြေရဲကြတာပေါ့။ ဖမ်းပြီး တစ်ပတ်လောက်ကြာတော့ တစ်ယောက်က သူတို့ အရိုက်လွန်လို့ သေပြီတဲ့။ ရိုက်ပြီး PDF လို့ ဝန်မခံမချင်း ရိုက်တာ ထင်တယ်။ ဒီကောင် အကုန်လုံးက လောင်း ကစား လုပ်တယ်ဆိုပေမယ့် လူဆိုး သူခိုးမှ မဟုတ်တာ” ဟု ပြောသည်။
ဖမ်းဆီးခံရသူများမှာ ကိုစိုးနိုင်၊ ကိုသိန်းထွန်း၊ ကိုဖိုးသား၊ ကိုဝမ်း၊ ကိုမောင်မောင်လွင်၊ ကိုမြင့်ကျော်၊ ကိုကျော်၊ ကိုညီညီအောင်၊ ကိုဘိုဘိုဆန်း၊ ဦးကောင်းတို့ ဖြစ်ကြပြီး ၎င်းတို့အနက် ကိုသိန်းထွန်း ဆိုသူမှာ မတ်လ ၂၈ ရက်နေ့ ညက ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်ဟု နီးစပ်သူများက ပြောသည်။
ကိုသိန်းထွန်းမှာ နှလုံးရောဂါအခံကြောင့် ရိုက်နှက်ခံရစဉ် ထိတ်လန့်၍ ရွာငံ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရင်း သေဆုံးခဲ့ရာ မတ်လ ၃၁ ရက်နေ့၌ မီးသင်္ဂြိုဟ်လိုက်သည်ဟု ဆိုသည်။
အဖမ်းခံရသူများနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “ဖမ်းတုန်းကတော့ သေနတ်မိုးပေါ် ထောင်ပစ်ပြီး ရိုက်နှက် ဖမ်းကြတာပဲ။ တချို့ကတော့ ပြေးနိုင်လို့ လွတ်တာပေါ့။ လောလောဆယ်တော့ ရွာငံရဲစခန်းမှာ ချုပ်ထားတယ် လို့ ကြားတယ်။ မိသားစုဝင်တွေ တွေ့လို့လည်း မရဘူး။ စကားပြောလို့လည်း မရဘူး။ ကိုသိန်းထွန်းတောင် သေ ပြီဆိုမှ သူတို့ အကြောင်းကြားတာ။ ကျန်တဲ့ ၉ ယောက်ကတော့ အသက် ရှိဦးမယ်လို့တော့ ထင်ရတာပဲ။ သေ ရင်တော့ သူတို့ ဆက်သွယ်မှာပါ” ဟု ပြောသည်။
စစ်ကောင်စီတပ်သားများသည် ဖမ်းဆီးခံရသူ ၉ ဦးအား ရွာငံရဲစခန်းမှ တစ်ဆင့် ဧပြီလ ပထမအပတ်အတွင်း တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံး အကျဉ်းထောင်သို့ ပို့ဆောင်သွားမည်ဟု ပြောဆိုကာ ထမင်းစရိတ်အတွက် မိသားစုဝင်များထံ တစ်ဦးလျှင် ငွေကျပ် ၂၀,၀၀၀ ခန့် ကောက်ခံခဲ့သည်ဟုလည်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများသည် လောင်းကစားဝိုင်းအား သွားရောက် ဖမ်းဆီးသည့် ညက ဖဲဝိုင်းနှင့် ၄ ကောင်ဂျင်ဝိုင်းတို့မှ ငွေကျပ် ၁,၀၀၀,၀၀၀ (ဆယ်သိန်း) ကျော်ကိုလည်း သိမ်းယူသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိ သူများက ပြောသည်။
ရွာငံမြို့တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးသည့် အချိန်မှစ၍ ပျူစောထီးများ ဦးဆောင်သည့် လောင်းကစားဝိုင်း အမြောက်အများ ပေါ်ပေါက်လာသော်လည်း စစ်ကောင်စီ တပ်သားများထံ ဆက်ကြေး (အခွန်) ပေးသွင်းသည့် ဒိုင်များသာ လောင်းကစားဝိုင်း ကျင်းပခွင့်ရှိသည်ဟု ဆိုသည်။
သို့ဖြစ်၍ ဆက်ကြေး (အခွန်) မပေးသွင်းနိုင်သည့် လောင်းကစားဝိုင်းများနှင့် အသုဘအိမ်မှ လောင်းကစားဝိုင်း များမှာ မကြာခဏ ဖမ်းဆီးခံနေရသည်ဟု ဒေသခံများက ပြောသည်။
ကျောက်ဂူပြင်ကျေးရွာနှင့် ရွာချင်းထိစပ်သည့် တက်တောင်ကျေးရွာသည် ရွာလုံးကျွတ်နီးပါး စစ်ကောင်စီအား အမာခံ ထောက်ခံကြသည်ဖြစ်ရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တုန်းက ထိုကျေးရွာရှိ ပျူစောထီး တပ်သား အယောက် ၄၀ ဦးခန့်ကို စစ်တပ်က လက်နက်ကိုယ်စီ တပ်ဆင်ပေးခဲ့သေးသည်ဟု နီးစပ်သူများက ဆိုသည်။