ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ပုလောတွင် စစ်ကောင်စီ အရာရှိ တစ်ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်။
ပုလောတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက် စစ်ကောင်စီ အရာရှိတစ်ဦး သေဆုံးခဲ့ သည်ဟု ဒေသခံများက ပြောသည်။
စစ်အုပ်ချုပ်ရေးဒေသ ကြေငြာခံထားရသည့် ပုလောမြို့ရှိ တံတားစစ်ဆေးရေးဂိတ်နှင့် မြို့မရဲစခန်းတို့ တစ်ပတ် အတွင်း ဒရုန်းဖြင့် နှစ်ကြိမ်တိုင် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးသီးချ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ် ရာရရှိသွားခဲ့သည်ဟု ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PRDF က ထုတ်ပြန်ထားသည်။
ပထမအကြိမ်အဖြစ် မတ်လ ၂၉ ရက်နေ့၊ ညနေ ၃နာရီခန့်က ပုလော တံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကိုမူ ဧပြီလ ၂ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်တွင် ပုလောမြို့မ ရဲစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပထမအကြိမ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဗိုလ်တစ်ဦးမှာ နောက်တစ်ရက် အကြာ၌ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ရဲစခန်းတိုက်ခိုက်မှုထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီးသည့်နောက် ရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က လက် နက်ငယ်နှင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲစခန်း အနီးဝန်းကျင်ရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ကာ အရပ်သား အချို့ကိုလည်း ခေါ်ယူစစ်ဆေးကာ နေပူထဲတွင် တစ်နာရီထက်မနည်း ထိုင်ခိုင်းထားသည်ဟု ဒေသခံများက ပြော သည်။
စစ်ဆေးခံရမှုတွင် ပါဝင်ခဲ့သည့် အသက် ၄၅ နှစ်အရွယ် ဒေသခံတစ်ဦးက “စစ်ဆေးပြီး နေပူကြီးထဲ ထိုင်ခိုင်းထား တော့ တချို့လူကြီးပိုင်းတွေ မခံနိုင်ဘဲ မူးဝေအော့အန်ကုန်တာ” ဟု ပြောသည်။
ပုလောမြို့နယ်သည် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲအဖြစ်များဆုံး မြို့နယ်တစ်ခုဖြစ်သည့်အတွက် စစ်အုပ်ချုပ် ရေး ဒေသအဖြစ် သတ်မှတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားလည်း ထပ်တိုးမှုများ ရှိနေသည်ဟု PRDF တာ ဝန်ရှိသူက ဆိုသည်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လနှင့် အောက်တိုဘာလတို့တွင်လည်း ပုလောမြို့နယ် နန်းတောင်ကျေးရွာနှင့် ပဝတ်ကုန်းကျေး ရွာတို့တွင် ဂိတ်ချ စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရဖူးသည်။