လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင်း ၁ နှစ်သား ကလေးအပါအဝင် ရွာသား ၃ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းမှ ပစ်ခတ်မှု များကြောင့် အသက်တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လားရှိုးမြို့နယ်၊ နောင်မွန်အုပ်စု၊ နားမခေါ်ကျေးရွာတွင် စစ်တပ်က ဧပြီလ ၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က လာရောက် ဗုံးကြဲသွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တစ်ဦးက “ကျနော်တို့က နောင်မွန်ကနေ ထွက်လာ ပြီး နမ့်မခေါ်ရွာမှာ ခဏဝင်နားတယ်။ ပထမက စစ်တပ်က လက်နက်ကြီး ၆ လုံးနဲ့ အရင်ပစ်လာတယ်။ ခဏနေ တော့ လေကြောင်းကနေ လာပစ်သွားတယ်။ ရွာထဲမှာဆိုတော့ ကျနော်တို့ဘက်က တစ်လုံးမှ ပြန်မပစ်ဘူး နောက်ပြန်ဆုတ်သွားတယ်” ဟု ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ တအာင်းတပ်မတော် (TNLA) တပ်ဖွဲ့များ ရှိရာဘက်သို့ စစ်ကောင်စီက ဗုံးကြဲ တိုက် ခိုက်ခဲ့ရာမှ ၁ နှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် အိမ်တစ်အိမ်ထဲတွင် ရှိနေကြသူ မိသားစုဝင်သုံးဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဘက်က နောင်မွန်ရဲစခန်းဘက်မှ နားမခေါ်ကျေးရွာဘက် လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ် ခဲ့ပြီးနောက် လေကြောင်းကနေပါ အဆိုပါ ရွာအနီးတဝိုက်ကို ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နားမခေါ်ကျေးရွာထဲကရှိ နေအိမ်ကို ထိမှန်ခဲ့ပြီး လက် နက်ကြီးကျည် အစများက မိသားစုဝင် ၃ ဦးကို ထိမှန်ခဲ့ခြင်း ဖြစ်သည်။

နားမခေါ် ရွာခံ အမျိုးသားတစ်ဦးက “ထိသွားတာက သုံးယောက် မိသားစုတွေပါ။ ကလေးရယ် သူ့အဖေနဲ့ အမေ ရယ် ထိသွားတယ်။ အခုက ပြည်သူ့ဆေးရုံမှာ ဆေးသွားကုနေတယ်။ ဒဏ်ရာတွေ ဘယ်မှာ ရထားတာတော့ မသိ သေးဘူး။ ထိထိချင်းမှာပဲ အရေးပေါ်ကားက လာသယ်သွားတယ်” ဟု ပြောသည်။

နားမခေါ်ကျေးရွာ အနီးတွင် TNLA တပ်သားများ သွားလာလှုပ်ရှားနေသည်ကို သတင်းရရှိပြီးနောက် စစ်တပ် ဘက်က ယခုကဲ့သို့ လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူများနေထိုင်သည့် ရွာနှင့် နီးနေသေးကြောင့် TNLA ဘက်ကတော့ တစ်စုံတစ်ရာ ပြန်လည်ပစ်ခတ်ခြင်း မရှိခဲ့ဘူးဟု ဆိုသည်။

နားမခေါ်ကျေးရွာ အနီး ရောက်ရှိနေသည့် TNLA တပ်ဖွဲ့များသည် တပ်မဟာ ၄ လက်အောက်ခံ၊ တပ်ရင်း ၂၃၆ တပ်က ဖြစ်သည်ဟု ဆိုသည်။