တပ်ကြပ်ကြီး တစ်ဦး ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်။

ရန်ကုန်-မော်လမြိုင်သွား ကားလမ်းဘေးတွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

ရန်ကုန်-မော်လမြိုင်သွားလမ်းပေါ်ရှိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော လက်နက်ကြီး တာဝန်ခံ တပ်ကြပ်ကြီး ကျော်ဆန်း ဆိုသူ ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု တာဝန်ရှိသူက ”တပ်ကြပ်ကြီး ကျော်ဆန်းကို ကျွန်ုပ်တို့ KRF နဲ့ KNU/KNLA တို့ ပူးပေါင်းကာ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းခဲ့ခြင်း ဖြစ်တယ်” ဟု ပြောသည်။

တပ်ကြပ်ကြီးကျော်ဆန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ကျိုက်ထို တော်လှန်ရေး အင်အားစု – KRF ပူးပေါင်းအဖွဲ့တို့က ဧပြီလ ၅ ရက်နေ့၊ နံနက် ၆ နာရီခွဲအချိန်ခန့်က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ် သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

တပ်ကြပ်ကြီးကျော်ဆန်းကို ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် ၎င်းထံမှ လက်ထိပ်၊ လက်ပစ်ဗုံး၊ ဆိုင်ကယ်နှင့် ဖုန်းတို့ ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု KRF က ထုတ်ပြန်ထားသည်။

လက်နက်ကြီးတာဝန်ခံ တပ်ကြပ်ကြီးကျော်ဆန်းသည် ကျိုက်ထိုမြို့နယ် အတွင်းရှိ ကျေးရွာများထဲသို့ လက်နက် ကြီးဖြင့် ပစ်ခတ်ရာတွင် အဓိက တာဝန်ယူ လုပ်ဆောင်နေသူ ဖြစ်သည်ဟုလည်း ဆိုထားသည်။

တပ်ကြပ်ကြီးကျော်ဆန်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင် ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပြီးတိုင်း စစ်ကောင်စီတပ်ဘက်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိပြီး အဆိုပါ လက်နက်ကြီးကျည်များကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

တပ်ကြပ်ကြီး ကျော်ဆန်းပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။