စစ်တပ်က အမျိုးသမီး ၃ ဦးကို မုဒိန်းကျင့်ခဲ့ကြောင်း ဒေသခံများ စွပ်စွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံအမျိုးသမီး ၄ ဦးကို ဖမ်းဆီးသွားပြီးနောက် မုဒိမ်းကျင့်ခဲ့သည်ဟု ကာယကံရှင်နှင့် နီးစပ်သူက ပြောသည်။

ကသာမြို့နယ်အတွင်းရှိ ပျဉ်းလေးပင်ကျေးရွာတွင် အရပ်ဝတ်များဖြင့် သွားလာနေသည့် အင်အား ၁၀၀ ကျော်ခန့် ရှိသည့် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံအမျိုးသမီး ၄ ဦးကို ဖမ်းဆီးသွားပြီးနောက် ထိုသို့ ကျူးလွန်ခဲ့ခြင်း ဖြစ် သည်။

ဒေသခံတစ်ဦး က “စစ်သားတွေက ရွာထဲဝင်လာတော့ ဖမ်းဆီးပြီး ဆွဲခေါ်သွားတာ။ ပြေးတဲ့နေရာမှာ တွေ့ပြီး ဆွဲခေါ်လာခဲ့တာ။ အဲ့မှာ ဒေါ်ဝင်းကြည်ရဲ့ စျေးဆိုင်ထဲကိုခေါ်သွင်းပြီးတော့ မုဒိမ်းကျင့်တာ။ တစ်ယောက်ကတော့ ထွက်ပြေးလို့ လွတ်သွားတယ်။ ကျန်တဲ့လူတွေကတော့ အဖမ်းခံထားရပြီး မုဒိမ်းကျင့်ခံလိုက်ရတယ်” ဟု ပြောသည်။

ပျဉ်းလေးကျေးရွာက အမျိုးသမီး ၄ ဦးကို ဖမ်းဆီးသွားသည့် စစ်ကောင်စီတပ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိန်းမြို့နယ်၊ ငါးအိုးကျေးရွာတွင် အခြေစိုက် ခလရ (၁၂၁) တပ် (ခေါ်) ငါးအိုးတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ကသာ-PDF) အဖွဲ့တာဝန်ရှိသူက ပြောသည်။

“လက်ရှိကတော့ အဲ့ဒီကောင်မလေးတွေက ငြင်းနေကြတာ။ တော်တော်ရှက်ပုံရတယ်။ တပ်ရင်း ၂ က ထွက် ပြေးတဲ့ကောင်ကို လိုက်ရင်းနဲ့ ဒီကောင်မလေးတွေကို ခေါ်သွားတာလို့ ပြောတယ်။ ခေါ်သွားပြီး နောက်နေ့မနက် ကျ ပြန်လွှတ်တယ် အဲ့ကောင်မလေးတွေကို။ အဲ့ဒီ အဲ့ကောင်မလေးတွေကလည်း ရှက်တယ်နေမှာ။ ဒါပေမယ့် အဲ့ဖမ်း ခံရတဲ့ထဲမှာ အအိုက နှစ်ယောက်နော်၊ အအိုကဖော်တာ၊ အပျိုလေးတွေကျကတော့ မဟုတ်ပါဘူးဆိုပြီး ငြင်းတာ ပေ့ါ။ ဒါပေမယ့် သူတို့ မုဒိမ်းကျင့်ခံရတယ်ဆိုတာ ဟို အအိုမိန်းမတွေကတော့ ပြောတယ်။”

အင်အား ၁၀၀ ခန့်ရှိသည့် ငါးအိုးတပ် (ခေါ်) ခလရ – ၁၂၁ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပျဉ်းလေးပင် ကျေးရွာအတွင်း အရပ်ဝတ်များဖြင့် ဧပြီလ ၃ ရက်နေ့ညက ကျေးရွာထဲ ရောက်ရှိလာပြီးနောက် ယခုကဲ့သို့ အမျိုး သမီးများကို ဖမ်းဆီးကာ မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်း PDF တပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

“လေးယောက်ဖမ်းခံရတာမှာ တစ်ယောက် ထွက်ပြေးတာ ရှေ့ညကတည်းက။ သုံးယောက် မုဒိမ်းကျင့်ခံရ တယ်။ နောက်နေ့ကျတော့ ကောင်မလေးတွေကတော့ လွတ်ခဲ့ပြီ။ အအိုအမျိုးသမီးက ပြောမှ သိရတာ။ အပျို လေးတွေကတော့ ရှက်ပြီး မပြောကြဘူး” ဟု ပြောသည်။

ဖမ်းဆီး မုဒိမ်းကျင်ခံရသူများအနက် အိမ်ထောင်သည် အမျိုးသမီးက သူမတို့အား စစ်သားများက မုဒိမ်းကျင့်ခဲ့ ကြောင်း ဖွင့်ပြောပြခဲ့သော်လည်း အပျိုအမျိုးသမီးများအား မေးမြန်းရာ ရှက်ကြောက်ကာ မပြောဘူးဟု ၎င်းတို့ နှင့်နီးစပ်သူများက ပြောသည်။

ပျဉ်းလေးပင်ကျေးရွာအတွင်း သွားလာလှုပ်ရှားနေသည့် ငါးအိုးတပ် (ခေါ်) ခလရ – ၁၂၁ တပ်က တပ်ဖွဲ့ဝင်များ သည် ဧပြီလ ၅ ရက်နေ့တွင် ကသာမြို့နယ်အတွင်းရှိ အင်းရွာနှင့် သပြေသာရွာသစ်ကုန်းဘက်သို့ စစ်ကြောင်းနှစ်ဖွဲ့ ခွဲကာ ဝင်သွားသည်ဟု မြေပြင်သတင်းအရင်းအမြစ်က ဆို သည်။