ရွှေကူတွင် ရွာပေါင်း ၃၀ ကျော်က ရွာသားများ ထွက်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းသုံး ပစ်ခတ်မှုများ နှစ်ရက်ဆက်တိုက် လုပ်ဆောင်ခဲ့သည့်အတွက် ရွာပေါင်း ၃၀ ကျော်က ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

ဧပြီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့က လေကြောင်းမှ ဆက်တိုက်ပစ်ခတ်မှုများအပြင် မြေပြင်မှလည်း လက်နက်ကြီး ကျည်များဖြင့် ကျေးရွာများဘက်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသားတစ်ဦးက “ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီကျော်လောက်မှာလည်း ၂ လုံးချသွားတာ။ စီသောင်မှာ လာချသွားတာ။ လေးလုံးရှိတယ်။ မီးခိုးတွေကလည်း ထွက်နေတာပဲ။ လုံးလောက်လည်းပါတယ်။ မနက်ပိုင်းမှာ မံဝိန်းကြီးကို ရှို့တာ။ စီမူကြီးကလည်း တော်တော်ပါသွားတယ်။ မီးခိုးတွေဆို မြင်နေရတာ။ ပြီး တော့ စီသာကိုဝင်တာ။ ဂျက်ဖိုက်တာ အပြာ မရိန်းကွက်နဲ့ဥစ္စာ နှစ်စီးရယ်၊ Mi 17 တစ်စီးရယ်” ဟု ပြောသည်။

ရွှေကူမြို့နယ်အတွင်း စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များကြောင့် လူနေအိမ်များ မီးလောင် ပျက်စီးခဲ့သည့်အပြင် လေယာဉ်ဖြင့်လည်း ဗုံးကြဲခဲ့သည့်အတွက် လူနေအိမ်များစွာ မီးလောင် ပျက်စီးခဲ့သော် လည်း ယနေ့အချိန်ထိ စာရင်းအတိအကျရရှိနိုင်ရေး မြေပြင်အခြေအနေများကြောင့် ခက်ခဲနေသည်ဟု ဒေသခံ များက ပြောသည်။

လေယာဉ်ကနေ ဗုံးကြဲခဲ့တဲ့အတွက် ရွှေကူမြို့နယ်အတွင်းရှိ စီသာကျေးရွာအပါအဝင် ရွာသုံးရွာက နေအိမ်များ မီး လောင်ပြာကျ ပျက်စီးခဲ့သည့်အပြင် စီသာတိုက်နယ်ဆေးရုံလည်း မီးလောင် ပျက်စီးသွားခဲ့သည်။ အလားတူ စစ်တပ်က ကျေးရွာများထဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ရွာပေါင်း ၃၀ ကျော်က ဒေသခံများ လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အခြား ရွှေကူဒေသခံတစ်ဦးက “မံဝိန်းက ကုန်သလောက်ဖြစ်သွားပြီ။ နောက်ပြီး မံဝိန်းမရောက်ခင် စီနားရွာ၊ နောက်ပြီး မံနားလေး၊ အဲ့ဒါပြီးတော့ စီသာ၊ စီသာလည်း မီးလောင်သွားတယ်။ ပစ်သွားတဲ့လေယာဉ်က နှစ် ကျော့လာပစ်သွားတာ။ လေယာဉ်ပစ်တဲ့ထဲ စီသာနဲ့မန်ဝိန်းနဲ့ ဒီမန်နားပေါ့ အဲ့နားလည်းကျတယ်။ အခု ဖြစ်နေတဲ့ နေရာတွေက ဗန်းမော်အဖွဲ့လည်း ပေါင်းထားတယ်။ ၅ ရက်နေ့တုန်းကတော့ တနေကုန်ပဲ” ဟု ပြောသည်။

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား ဗုဒ္ဓဟူးနေ့ – ဧပြီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက် ပွဲထဲ စစ်တပ်ဘက်က အထိအခိုက် အကျအဆုံး များခဲ့ခြင်းကြောင့် နှစ်ရက်ဆက်တိုက် လေယာဉ်ကနေပါ ဗုံးကြဲ ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ခလရ ၇၇၊ ခလရ ၁၀ က အင်အား ၆၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့အပြင် ဗန်းမော်အခြေစိုက် ခမရ ၂၃၆ က အင်အား ၈၀ ပါ ပူးပေါင်းအဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA, PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မံဝိန်းကြီး၊ စီမူကြီးကျေးရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် စီသာကျေးရွာကိုလည်း မီးရှို့ခဲ့ခြင်း ဖြစ်သည်။

အလားတူ ဧပြီလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ဂျက်ဖိုက်တာ ၂ စီးနှင့် ၈ ကြိမ်ထက်နည်း ဗုံးကြဲခဲ့ပြီး ညနေ ၅ ခွဲအချိန်တွင်လည်း မြစ်ကြီးနားဘက်မှ လာသည့် ဂျက်ဖိုက်တာနှင့် ထပ်မံ ဗုံးကြဲသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ဧပြီလ ၆ ရက်နေ့တွင်လည်း လေယာဉ်ဖြင့် ဗုံးကြဲမှုများရှိခဲ့သည်ဟု ဆိုသည်။