ရခိုင်တွင် လွတ်မြောက်နယ်မြေ အသင့်အတင့် ရှိပြီဟု AA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်။
၁၄ နှစ်တာ တော်လှန်ရေး ကာလအတွင်း ရခိုင်ပြည်သူများအတွက် ၎င်းတို့၏ပြည်နယ်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ဖော်ဆောင်နိုင်သည့် လွတ်မြောက်နယ်မြေကို အတိုင်းအတာတစ်ခုအထိ ရရှိထား ပြီဟု ရက္ခိုင့်တပ်တော် ULA/AA ကပြောသည်။
ရက္ခိုင့်တပ်တော် ULA/AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က “ကျနော်တို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ကျနော်တို့ ULA/AA ကို ဦးဆောင်နေကြတဲ့ လူတွေဟာ ၂၀၀၉ ဧပြီလ ၁၀ ရက်နေ့မှာ ရက္ခိုင့်တပ် တော်ကို စတင်ဖွဲ့စည်းပြီးမှပဲ ကိုယ့်ရဲ့ အမျိုးသားလွတ်မြောက်ရေး တန်းတူရေး အမျိုးသားတန်းတူရေး အစရှိတဲ့ ဒီကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် ကျနော်တိုက ဒီအဖွဲ့အစည်းကို ဖွဲ့စည်းပြီးမှ အလုပ်လုပ်လာကြတာ အခုဆို လို့ရှိရင် ၁၄ နှစ်တာကာလကို ရောက်ရှိလာခဲ့ပါပြီ။ အဲဒီ ၁၄ နှစ်တာ ကာလမှာဆိုလို့ရှိရင် ရခိုင်ဒေသရဲ့ တစ်စိတ် တစ်ပိုင်းဟာ ဆိုလို့ရှိရင် အခုချိန်မှာဆိုလို့ရှိရင် လွတ်မြောက်နယ်မြေ အတိုင်းအတာ တစ်ခုထိ ရောက်ရှိ လာ တယ်လို့ ပြောလို့ရပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က စည်းရိုး – Fence မှ ထုတ်လွှင့်ခဲ့သည် ULA/AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် နှင့် လွတ်မြောက်နယ်မြေ အကြောင်း အမေးအဖြေတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိမှာ ရခိုင်ပြည်သူများသည် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုကြမ္မာ ကိုယ်ဖန်တီးခွင့်ကို လုပ်ဆောင်နိုင်သည့် လွတ် မြောက်နယ်မြေဆိုသည့် အရသာကို အတိုင်းအတာ တစ်ခုအထိ ခံစားနေ ရပြီဖြစ်သော်လည်း ရခိုင်ပြည်နယ် တွင် လွတ်မြောက်နယ်မြေ အဖြစ်သို့ မရောက်ရှိသေးသည့် နယ်မြေများလည်း ရှိနေသေးသည်ဟု ULA/AA က ဆိုသည်။
ဒေါက်တာ ညိုထွန်းအောင်က “ဆိုတော့တစ်ဖက်မှာလည်း မလွတ်မြောက်သေးတဲ့ နယ်မြေတစ်ချို့လည်း ကျန် ပါ သေးတယ်။ ကျနော်တို့ အနေနဲ့ကတော့ အဲဒီနေရာတွေကို ဆက်လက်လွတ်မြောက်ဖို့အတွက် ရက္ခိတ လမ်း စဉ်နဲ့ အတူတူ ဆက်လက်ကြိုးစား ဆောင်ရွက်နေတယ်” ဟုပြောသည်။
လွတ်မြောက် နယ်မြေအဖြစ်သို့ မရောက်ရှိသေးသည့် နေရာများကိုလည်း လွတ်မြောက် နယ်မြေဖြစ်အောင် ULA/AA က ချမှတ်ထားသည့် လမ်းစဉ်အတိုင်း ရရှိအောင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဒေါက်တာ ညို ထွန်းအောင်က ဆိုသည်။
၁၄ နှစ်တာ တော်လှန်ရေးကာလအတွင်း ULA/AA က ထိန်းချုပ်ထားနိုင်သည့် နယ်မြေများ သို့မဟုတ် လွတ် မြောက်နယ်မြေအဖြစ် ရောက်ရှိလာသည့် ဒေသများတွင် ပြည်မ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများကို ဖျက် သိမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်အပေါ် အခြေခံသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရား များဖြင့် ULA/AA က အစားထိုး လာခဲ့သည်။
ထို့အပြင် ပညာရေးတွင်လည်း ပြည်မက ပြဌာန်းထားသည့် သင်ရိုးညွှန်းတမ်းများနှင့် မဟုတ်ပဲ ရခိုင်လူမျိုးများနှင့် သဟဇာတဖြစ်သည့် ပညာရေးစနစ်မျိုးကိုလည်း အသက်သွင်း လာနိုင်သည်ဟု ULA/AA က ဆိုသည်။
ကျန်းမာရေးကဏ္ဍတွင်လည်း ULA/AA ၏ ကျန်းမာရေးဆိုင်ရာ မူဝါဒများအပေါ်တွင် အခြေခံပြီး လုပ်ဆောင်လာ နိုင်သည့်အတွက် ကျန်းမာရေးကဏ္ဍတွင်လည်း တိုးတက်မှု ရှိလာသည့်အပြင် ထူထုကိုလည်း ပို၍အကျိုးပြုလာ နိုင်သည်ဟု ဒေါက်တာ ညိုထွန်းအောင် က ပြောသည်။
ရက္ခိုင့်တပ်တော် ULA/AA သည် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာတွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ရခိုင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဖြစ်သည်။
ထိုသို့ ဖွဲ့စည်းပြီးနောက် ရခိုင်ပြည်နယ်ထဲသို့ ၂၀၁၄ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာခဲ့သည်။
ထို့နောက် ယခင်အစိုးရနှင့် စစ်တပ်က ထိန်းချုပ်ထားသည့် နေရာများကို တိုက်ခိုက်သိမ်းပိုက်ကာ ကိုယ်ပိုင်ပြ ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို အခြေခံသည့် ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားကို အစားထိုးလာနိုင် သည့်အပြင် ရခိုင်ပြည်သူများအတွက် လွတ်မြောက်နယ်မြေကို အတိုင်းအတာတစ်ခုအထိ ရယူထားနိုင်သည့် ရခိုင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သည်။