တနင်္လာရီတိုင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ခရစ်ယာန် ဘုရားကျောင်း ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ခရစ်ယာန် ဘုရား ကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။
ဧပြီလ ၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအနီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းများနှင့် တိုက်ပွဲဖြစ်ပွားပြီးချိန် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သဲဖြူကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း ထိမှန်ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
မြိတ်ခရိုင်တပ်ရင်း-၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲတွေဖြစ်တိုင်း စစ်ကောင်စီတပ်က နေအိမ် တွေ မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေယူငင်တာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာက တနိုင်ငံလုံးမှာ ဆို တာ ပြည်သူတွေအသိပါပဲ။ အခုလည်း ဘာသာရေး အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးတာ စိတ်မကောင်း စရာပါပဲ” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက် သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူကျေးရွာအတွင်းရှိ ကုန်ခြောက် ပစ္စည်းအရောင်းဆိုင် တစ် ဆိုင်နှင့် စားသောက်ဆိုင် ၂ ဆိုင်ကို စစ်ကောင်စီတပ်မှ ရိုက်ချိုး ဖြိုချ ဖျက်ဆီးခဲ့ပြီး စားသောက်ကုန် ပစ္စည်းများ ကိုလည်း ယူသွားကြသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီဘက်က ယခုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဈေးဆိုင်အိမ်များကို ရိုက်ချိုး ဖြိုချ ဖျက်ဆီး မှုများမှာ သိန်ခွန်းကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိခိုက်ကျဆုံးများခဲ့ခြင်း ကြောင့် ရမ်းကားခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ကြေညာခြင်း ခံထားရသည့် တနင်္သာရီမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့မှ စတင်၍ ဧပြီလ ၁၀ ရက်နေ့အထိ ၁၄ ရက် ဆက်တိုက် နေ့စဉ်နီးပါး ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည် ဟု တိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဧပြီလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကမ်းတိုကျေးရွာတိုက်ပွဲအပြီး စစ်ကောင်စီတပ်မှ နေအိမ် ၇ ဆောင်ထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။