ရဲအချင်းချင်း ရန်ဖြစ်ရာမှ စခန်းမှူး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
သရက်ချောင်း မြို့မရဲစခန်းတွင် ရဲအချင်းချင်း စကားများရာမှ ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူး တစ်ဦး သေဆုံးခဲ့ သည်ဟု မြို့ခံများက ပြောသည်။
ပစ်သတ်ခံရသူမှာ မကြာသေးခင်က ထားဝယ်ရဲစခန်းမှ ပြောင်းရွှေ့လာသူ စခန်းမှူး နေမင်းစိုး ဆိုသူ ဖြစ်ပြီး စကားများရာမှ ခြောက်လုံးပြူး သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခံခဲ့ရခြင်းကြောင့် နေရာတွင်ပင် သေဆုံး သွားခဲ့သည်ဟု ရဲစခန်းနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။
အမည်မဖေါ်လိုသူ ရဲဝန်ထမ်းတစ်ဦးက “ပြဿနာက ဂျူတီဝင်ရမည့် ဒုရဲအုပ်က တာဝန်ချိန်မှာ မရှိဘဲ လျှောက် သွားနေလို့ စခန်းမှူးက ဆဲဆိုကြိမ်းမောင်းတာ က စတာပါ။ အဲဒီမှာ စကားများကြပြီး ဒုရဲအုပ်က သေနတ်နဲ့ ပစ် လိုက်တာ။ ပြီးတော့ ထွက်မပြေးဘူး အဖမ်းခံတယ်” ဟု ပြောသည်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်းအတွင်း ဧပြီလ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က ရဲ အချင်းချင်း စကားများကြရာမှ စခန်းမှူးကို ဒုရဲအုပ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပစ်ခတ်ခဲ့သူ ဒုရဲအုပ်ကိုလည်း ချက်ချင်း ဖမ်းဆီးချုပ်နှောင်ထားသည်။
သေဆုံးသွားသူ စခန်းမှူး၏ အလောင်းကို သရက်ချောင်းသင်္ချိုင်းတွင် ဧပြီလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက သင်္ဂြိုဟ် လိုက်သည်ဟု အမည်မဖေါ်လိုသူ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်း အတွင်း ရဲအချင်းချင်း ပစ်ခတ်မှုဖြစ်စဉ်များ မကြာခဏ ဖြစ် ပွားခဲ့ပြီး ယခုနှစ် ဇန္နဝါရီလ ၂ ရက်နေ့က လောင်းလုံးမြို့မရဲစခန်း၌ ဖြစ်ပွားခဲ့မှုတွင် ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့သည်။
ထို့အပြင် တနင်္သာရီတိုင်းသို့ အဝင် မလွှဲတောင် စစ်ဆေးရေးဂိတ်၌လည်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့က ရဲ အချင်းချင်းပစ်ခတ်မှုတွင် ဒုရဲမှူးတစ်ဦး သေဆုံးခဲ့သေးသည်။