နယ်မြေရှင်းလင်းရန် စစ်ကောင်စီက လမ်းပိတ်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်။

နယ်မြေရှင်းလင်းရန်ဟုဆိုကာ စစ်ကောင်စီက ထားဝယ်-ထီးခီးလမ်းကို ၃ ရက်ကြာ ပိတ်ထားသည်ဟု ဒေသခံ များက ပြောသည်။

ထိုင်းနယ်စပ်ကို သွားလာနိုင်သည့် ထားဝယ်-ထီးခီး လမ်းမကြီးကို နယ်မြေရှင်းလင်းရန်ဟု ဆိုကာ စစ်ကောင်စီ တပ်မှ ဧပြီလ ၁၁ ရက်နေ့မှ စတင်၍ ၃ရက်ကြာ ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အသက် ၅၀ ခန့်အရွယ် ပကာရီ ရွာသားတစ်ဦးက “ပကာရီ ရဲစခန်းထဲ တပ်စွဲထားတဲ့ စစ်တပ်က ဧပြီ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ သတင်းလွှင့်လိုက်တာပါ။ ညနေ ၃ နာရီအထိပဲ လမ်းဖွင့်ပေးထားမယ်၊ ပြီးရင် ၁၁ ရက်နေ့ ကစပြီး ၃ ရက် လမ်းပိတ်မယ်လို့ ပြောတာပါ” ဟု ပြောသည်။

ထားဝယ်မြို့နယ် ပကာရီကျေးရွာတဝိုက်ကိုမူ ဧပြီလ ၁၀ ရက်နေ့၊ ညနေ ၃ နာရီ အချိန်မှ စတင်ပြီး နယ်မြေရှင်း လင်းရန် အတွက် ကားလမ်းကို ပိတ်ထားပြီ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များဖြစ်သည့် ထားဝယ်-ထီးခီး လမ်းတလျှောက် ဗျောတောဝ စစ် ဆေးရေးဂိတ်၊ သဗျာစစ်ဆေးရေးဂိတ်၊ ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပကာရီရဲစခန်းဂိတ်၊ ကျောက်မဲတောင် ရဲစခန်း ဂိတ်တို့ ရှိသည့်အပြင် မဲချောင်းရွာ လမ်းတွင်လည်း တခါတရံစစ်ဆေးခြင်းများ ရှိသည်ဟု ဒေသခံများက ဆို သည်။

ပကာရီ ရွာသားများမှာမူ ဧပြီလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့် တိုက်ပွဲစတင်ဖြစ်ပွားချိန် ကတည်းက အနီးအနား တောတောင်များ၊ ကျေးရွာများနှင့် ဘုန်းကြီးကျောင်းတို့တွင် သွားရောက် တိမ်းရှောင်နေကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပကာရီကျေးရွာအတွင်း ရွာသားများအား ဧပြီလ ၁၀ ရက်နေ့၊ ည ၇ နာရီအချိန်တွင် အစည်းအဝေးရှိသည်ဟု ဆို ကာ စစ်ကောင်စီဘက်က တစ်အိမ်တစ်ယောက် လိုက်ခေါ်ခဲ့သည်ဟု ရွာသားများက ပြောသည်။

ဧပြီလ ၉ ရက်နေ့တွင် ပကာရီရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က ပကာရီရဲစခန်းသို့ ကား ၄ စီး တစ်ကြိမ်နှင့် ကား ၂ စီး တစ်ကြိမ် စစ်ကူ အင်အားများ ထပ်မံဖြည့်တင်း ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် ပကာရီ ရဲစခန်းကုန်း၌ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ခန့်ရှိနေသည်ဟု ရွာသားများက ပြော သည်။

ပကာရီကျေးရွာသည် ထားဝယ်-ထီးခီးကားလမ်းမကြီးပေါ်တွင် တည်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ထားဝယ် မြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည်။