သင်္ကြန်မဏ္ဍာပ်အနီး ဗုံးကွဲပြီးနောက် လူငယ် ၅ ဦး ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်။
ပုသိမ်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန် ဗဟိုမဏ္ဍပ်အနီးက လုံခြုံရေးဘန်ကာကို အဝေးထိန်းစနစ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခံရပြီး နောက် လူငယ် ၅ ဦးကို ညတွင်းချင်း ဖမ်းဆီးထားသည်ဟု မြို့ခံများက ပြောသည်။
ပုသိမ်မြို့၊ ကမ်းနားလမ်း မြို့တော် ခန်းမရှေ့ ရှိ စစ် ကောင်စီ၏ သင်္ကြန် ဗဟို မဏ္ဍပ်အနီး ဘယ်ဘက် အခြမ်း ပေ ၁၅၀ ခန့် တွင်ရှိသော ပုသိမ်မြစ်ကူးတံတား အောက်ဖက်ရှိ လုံခြုံရေး ဘန်ကာအား ဗုံးခွဲတိုက်ခိုက်ခံရခြင်း ဖြစ် သည်ဟု ပုသိမ်မြို့ခံများ က အတည်ပြုပြော သည်။
တံတားအနီး ကမ်းနားညဈေးမှ ဈေးသည် တစ်ဦး က “ဝုန်းကနဲ ဗုံးပေါက်တဲ့ အသံအရင်ကြားရတယ်။ နောက် သေနတ်ပစ်တဲ့အသံ အချက် ၂၀ လောက်ကြားရတယ်။ လူတွေလည်း ခြေဦးတည့်ရာ ပြေးကြတာပဲ။ သေနတ်နဲ့ ပစ်တာက စစ်တပ် နဲ့ ရဲတွေ” ဟု ပြောသည်။
ဧပြီလ ၁၁ ရက်နေ့၊ ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်က စစ်ကောင်စီ၏ သင်္ကြန် ဗဟိုမဏ္ဍပ်အနီးက လုံခြုံရေး ဘန်ကာကို အဝေးထိန်းစနစ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ပုသိမ် ပြောက်ကျားတပ်ဖွဲ့ (PSTF )က သတင်းထုတ်ပြန် ထားသည်။
ဗုံးပေါက်ကွဲမှု အပြီးတွင် ထိုနေရာ၌ လုံခြုံရေးယူထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ၍ သေနတ် ဖြင့် ပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထိတ်လန့် မူးမေ့လဲကျသွားသဖြင့် ဆေးခန်းပို့လိုက်ရသည်။
ထို့နောက် မသင်္ကာသည့် လူငယ်အမျိုးသား ၅ ဦးကိုလည်း ညတွင်းချင်း ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ် သည့် သတင်းရင်းမြစ် ထံကသိရသည်။
ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုကြောင့် ထိတ်လန့်ပြေးလွှားသူ အချို့ ချော်လဲပြီး ပွန်းပဲ့ထိခိုက်မှု နှင့် ညပိုင်းရောင်းချ သည့် ဈေးဆိုင်အချို့ ရောင်းကုန်ပစ္စည်းများ ပျက်စီးမှုရှိခဲ့သော်လည်း လူသူသေဆုံးမှုမရှိဘူးဟု ကမ်းနားညဈေး အုပ်ချုပ်မှုအဖွဲ့ဝင် တစ်ဦး က ပြောသည်။
အရံမီးသတ်တပ်ဖွဲ့ ဝင်တစ်ဦး က “ပေါက်ကွဲမှု ဖြစ်တဲ့ အဲဒီနေရာက လုံခြုံရေး အရမ်းတင်းကြပ်တယ်။ မနက်က လည်း တံတားသစ်မှာ စစ်ဆေးတာတွေ လုပ်နေတယ်။ ရပ်ကွက်တွေမှာလည်း ညက ဧည့်စာရင်းတွေစစ်တယ်။ ကျောက်ငူကနေ မြို့တော်ခန်းမရှေ့ အထိ ကမ်းနားလမ်း တစ်လျှောက် လမ်းကိုလည်းပိတ်ထားတယ်” ဟု ပြော သည်။
ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (PSTF) က သင်္ကြန်ကာလ အတွင်း သွားလာပျော်ပါးခြင်း မပြုလုပ်ကြရန် နှင့် စစ်ကောင်စီအဖွဲ့ဝင်များ၏ အနီးအနားတွင် နေထိုင်ခြင်း မပြုကြရန် ပြည်သူများကို သတိပေး ထားသည်။
ယခင်က ပုသိမ်မြို့အနှံ့ သင်္ကြန်မဏ္ဍပ် ၂၀ ကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင် အမှတ် ၄ ရပ်ကွက်ရှိ မြို့တော်ခန်းမ အရှေ့မှ အမှတ် ၆ ရပ်ကွက် ကျောက်ငူရှိ ပုသိမ်ထီးမှတ်တိုင် အထိ ကမ်းနားတလျှောက် သင်္ကြန်မဏ္ဍပ် ၁၀ ခု ထားရှိပြီး လုံခြုံရေးကိုလည်း အထူးတင်းကြပ်ကာ လမ်းလျှောက်သင်္ကြန် ကျင်းပနေကြသည်။