တိုင်း တရားလွှတ်တော် ဒုညွှန်မှူး၊ အိမ်ဖော်နှင့်အတူ အသတ်ခံရပြီး နေအိမ် မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်။

မန္တလေးတိုင်း တရားလွှတ်တော် ဒုညွှန်မှူးဆိုသူ အသတ်ခံရပြီးနောက် နေအိမ်ပါ မီးရှို့ခံရလိုက်ရသည်ဟု နီးစပ် သူများက ပြောသည်။

မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်၏ ဒုတိယ ညွှန်ကြားရေးမှူးနှင့် ၎င်း၏ အိမ်အကူဖြစ်သူတို့ နေအိမ်၌ ရှိနေစဉ် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်ဟု နီးစပ်သူများက ပြောသည်။

နီးစပ်သူ အမျိုးသား တစ်ဦးက “မီးလောင်တော့ မီးသတ်က အရင်ရောက်လာတာပေါ့။ မီးငြိမ်းသွားတော့မှ သူတို့ ရဲ့ အလောင်းတွေ တွေ့တာ။ အိမ်ဖော်ကို သတ်ပြီးမှ ညွှန်မှူးကို သတ်တာလို့ ယူဆရတယ်။ အလောင်းတွေ ကတော့ ရုပ်ပျက်ဆင်းပျက်ပဲ” ဟု ပြောသည်။

ဧပြီလ ၁၁ ရက်နေ့၊ နံနက် ၄ နာရီ အချိန်ခန့်တွင် ဒုညွှန်မှူးဆိုသူမှာ ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ် ကွက်၊ ၃၁ လမ်း၊ ၆၅-၆၆ လမ်းကြားရှိ ၎င်း၏ နေအိမ်၌ ရှိနေစဉ် အိမ်အကူတစ်ဦးနှင့်အတူ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

တရားလွှတ်တော် ဒုညွှန်မှူးဆိုသူမှာ နေအိမ်အပေါ်ဆုံးထပ်တွင် လည်ပင်း၌ ဓါးစိုက်၍ သေဆုံးနေသည်ကို တွေ့ရှိ ခဲ့ပြီး လက်ဝဲဘက်ပါး၊ နားရွက်နှင့် နားဖူးတို့တွင် ဓါးပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အိမ်အကူ အမျိုးသမီးမှာလည်း နေအိမ် ဒုတိယထပ်တွင် ဓါးဒဏ်ရာ အချက်များစွာဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့ပြီး နှစ်ဦးလုံးမှာ ပွဲချင်းပြီးသေဆုံးနေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

တရားလွှတ်တော် ဒုညွှန်မှူး၏ နေအိမ်မှာ မီးလောင်ကျွမ်းခဲ့သော်လည်း မီးသတ်အဖွဲ့မှ အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့ သည်ဖြစ်ရာ မွေ့ယာ၊ ကုတင်၊ ပရိဘောဂနှင့် အတွင်းပစ္စည်း အနည်းငယ်သာ မီးလောင်ကျွမ်းခဲ့သည်ဟု အနီး အနားနေ ပြည်သူများက ပြောသည်။

သေဆုံးသူ တရားလွှတ်တော် ဒုညွှန်မှူးမှာ အသက် ၅၀ ကျော် ဝန်းကျင်အရွယ် ဒေါ်လေးကြည် ဆိုသူဖြစ်ပြီး အိမ်အကူ အမျိုးသမီးမှာ အသက် ၃၀ ကျော် ဝန်းကျင်အရွယ် ဖြစ်သည်ဟု ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် အောင်စည်တော် စစ်ဆင်ရေး (AST- MDY) တစ်ဖွဲ့ တည်းကသာ အဓိက စစ်ရေးလှုပ်ရှားနေသော်လည်း အဆိုပါ လုပ်ကြံသတ်ဖြတ်မှုအား မည်သည့်အဖွဲ့အစည်းမှ ထုတ်ပြန်ခြင်း မရှိသေးချေ။

AST- MDY တပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ဒီမစ်ရှင်က ကျနော်တို့ မဟုတ်ပါဘူး။ ဘယ်အဖွဲ့လည်း ကျနော်တို့လည်း မသိရသေးဘူး။ တခုခု ခန့်မှန်းမိတာလည်း ပြောလို့မရသေးဘူး။ ကျနော်တို့ သိရတာနဲ့ အကြောင်းပြန်ပါ့မယ်” ဟု ပြောသည်။

AST- MDY တပ်ဖွဲ့သည် ချမ်းအေးသာဇံမြို့နယ်၊ ၆၂ လမ်း၊ ၃၁-၃၂ လမ်းကြားရှိ ပြည်ကြီးမျက်ရှင် ရပ်ကွက်၏ စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်မှူးရုံးကို ဖော်ဖော်ဝါရီလ ၁၂ ရက်နေ့က လက်လုပ်ဗုံး တစ်လုံးနှင့် သေနတ် ၂ ချက်ပစ်ဖောက်၍ သတိပေးခဲ့သေးသည်ဟု ဆိုသည်။

ယခု လုပ်ကြံသတ်ဖြတ်ခံရသော ဒေါ်လေးကြည်၏ နေအိမ်သည် ပြည်ကြီးမျက်ရှင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှင့် ခြေလှမ်းပေါင်း ၁၀၀ ခန့်သာ ကွာဝေးပြေး ဆိုင်ကယ်ဖြင့်သွားပါက ၂ မိနစ်ခန့်ပင် မကြာဘူးဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။