လားရှိုးမဏ္ဍပ် ဗုံးကွဲမှု လူ ၉ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့အဝင်၊ ရန်တိုင်းအောင် ဘုရားဝင်းရှိ စတုဒီသာ ကျွေးမွေးသည့်မဏ္ဍပ် အဝင်နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၉ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းရှိ သတင်း အရင်းအမြစ်များက ပြောသည်။

ထိုမဏ္ဍပ်အနီး မုဒ်ဦး အဝင်ပေါက် We Love Lashio ဆိုင်းဘုတ်နေရာ၌ ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အရပ်သား ၉ ဦး သေဆုံးကာ၊ ၁၀ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့သည်ဟု တက်ရောက်သူများက ပြောသည်။

ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက “၄ ယောက်က ပွဲချင်းပြီးပဲ။ ကလေးလေး တစ်ယောက်ပါ တယ်။ ကျန်တာတွေက ဆေးရုံပို့တဲ့ လမ်းမှာပဲ ဆုံးတာ။ ဆေးရုံရောက်မှ ဆုံးတာလည်း ရှိတယ်။ ဒဏ်ရာရ လည်း များတယ်။ တော်တော်များများ စိုးရိမ်ရတယ်” ဟု ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ အိမ်စီးကား အဖြူရောင်တစ်စီး၏ အောက်ပိုင်းမှစ၍ ပေါက်ကွဲသည်ဟု တက်ရောက် သူများက ပြောဆိုနေကြသော်လည်း သတင်းနှင့် မီဒီယာကွန်ယက် အနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် (Telegram Channel)များတွင် PDF များ ဗုံးထောင်ရန် ကားဖြင့် သယ်ဆောင်လာစဉ် ပေါက်ကွဲခြင်းဖြစ်ပြီး PDF ၄ ဦး သေဆုံးခဲ့သည်ဟု ဝါဒဖြန့်ထားသည်။

သို့သော် ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် PDF ရဲဘော်တစ်ဦးက ပေါက်ကွဲသည့်ဗုံးမှာ စစ်ကောင်စီ၏ ကာ ကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) ထုတ်များ ဖြစ်သည်ဟု ပြောသည်။

“လတ်တလော သိထားချက်အရတော့ တော်တော် ပေါက်ကွဲအားပြင်းတဲ့ C4 Explosive Auto Bomb အမျိုး အစား ဖြစ်တယ်။ ကပစ သီးသန့် ထုတ်တာ။ ဈေးလည်း တော်တော်ကြီးတယ်။ ပိုက်ဆံ ရှိတိုင်းလည်း ဝယ်လို့ မရဘူး။ Black Market (မှောင်ခို ဈေးကွက်)မှာ မရှိဘူး။ ဒီလောက်ဆို ပြည်သူတွေ နားလည်ကြမှာပါ။”

အဆိုပါ ပြောကြားချက်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် PDF ရဲဘော်တစ်ဦး၏ ခန့်မှန်းချက်သာ ဖြစ်ပြီး သတင်းနှင့် မီဒီယာကွန်ယက် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးချေ။

လားရှိုးမြို့ပေါ်တွင် သင်္ကြန်အကြိုနေ့၌ ရေကစားကြသူများ မရှိသလောက် နည်းပါးခဲ့ပြီး ဗုံးပေါက်ကွဲသည့် ရန် တိုင်းအောင် မဏ္ဍပ်သည်လည်း စတုဒီသာ သီးသန့်ကျွေးမွေးသည့်နေရာ ဖြစ်သည်ဟု တက်ရောက်သူများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များ လုံခြုံရေး ယူထားသည့် ဗဟိုမဏ္ဍပ်နှင့်လည်း ၃ ကီလိုမီတာခန့်သာ အကွာအဝေး ရှိပြီး ဆိုင်ကယ်ဖြင့် သွားပါက ၅ မိနစ်ခန့်သာ ကြာနိုင်သည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများအား စစ်ကောင်စီတပ်များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက လားရှိုး အမှတ်(၁၀) စစ်ဆေးရုံကြီးနှင့် ပြည်သူ့ဆေးရုံကြီးထံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးမှုစာရင်း ပိုများလာနိုင်သည်ဟု ကူညီ ဆောင်ရွက်ပေးနေသူများက ပြောသည်။

ဧပြီလ ၁၃ ရက်နေ့က ကျရောက်ခဲ့သည့် သင်္ကြန်အကြိုနေ့တွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး စသည့် မြို့ကြီး အများစုတွင် ရေကစားကြသူများ မရှိသလောက် နည်းပါးလျက်ရှိရာ အတင်းအကြပ် ဖိအားပေးခံရ သော စစ်ကောင်စီ လက်အောက်ခံ Non- CDM ဝန်ထမ်းများနှင့် စစ်ကောင်စီ ထောက်ခံသူများကသာ ပါဝင်ဆင် နွှဲနေကြသည်ဟု ဒေသခံများက ပြောသည်။