ပျူစောထီး ခေါင်းဆောင်နှစ်ဦးကို ရှင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်။

ကော့သောင်းမြို့နယ်အတွင်း ပျူစောထီး ခေါင်းဆောင်နှစ်ဦးကို ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့သည်ဟု ကော့သောင်း-ပကဖ အဖွဲ့တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ ခေါင်းဆောင် နှစ်ဦးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး လက်နက်ခဲ ယမ်း မီးကျောက်များနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့သည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ကော့သောင်း-ပကဖ အဖွဲ့တာဝန်ရှိသူက “သူတို့ နှစ်ယောက်က ရွာသားတွေအပေါ် လက်နက်အားကိုးနဲ့ အနိုင် ကျင့်နေတာကို လာရောက် အသိပေးတိုင်ကြားထားတာတွေရှိလို့ စောင့်ကြည့်နေတာ ကြာပါပြီ။ သတိပေးချက် တွေလည်း သူတို့ဆီ မကြာခဏပေးပို့ထားပေမယ့် ဂရုမစိုက်ပဲ ဆက်လုပ်နေတာကြောင့် အခုလို ရှင်းလင်းလိုက် တာပါ” ဟု ပြောသည်။

ဧပြီလ ၁၆ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က ပျူစောထီးခေါင်းဆောင် ဦးကျော်ဝင်း နှင့် ဒု-ခေါင်းဆောင် ဦးမြင့်အောင်တို့ နှစ်ဦးကို ကော့သောင်း- ပကဖအဖွဲ့က ၎င်းတို့၏ နေအိမ်များတွင် သွားရောက် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူ က ပြောသည်။

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးကျေးရွာနေ ပျူစောထီးခေါင်းဆောင် ၂ဦးအား သွားရောက် ရှင်း လင်းသုတ်သင်ခဲ့စဥ် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ထိုသို့သွားရောက်ရှင်းလင်းစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အထိခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့သည်ဟု ညပိုင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ပစ်ခတ်ရှင်းလင်းခံရသူ ၂ဦးထံမှ AK-47 နှစ်လက်၊ AK ကျည် ၁၁၉တောင့်၊ 9mm ပစ္စတို တစ်လက်၊ ကျည်ကာ အင်္ကျီ ၄ ထည်၊ ယူနီဖေါင်း ၂ စုံ၊ ဆုံလည် ဂက်စ် သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု နှင့် ဓါးများ သိမ်းဆည်း ရမိခဲ့သည်ဟု တာဝန်ရှိသူက ဆိုသည်။

ကော့သောင်းမြို့နယ် အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပျူစောထီး များအနေဖြင့် ပြည်သူလူထုနှင့်အတူ အမြန်ဆုံး ပူးပေါင်းကြရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ဆက်လက် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် အသိပေး ရေးသားထားသည်။