ပျူစောထီး ခေါင်းဆောင်နှစ်ဦး သတ်ခံရပြီး ရွာသားများ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်။
ကော့သောင်းခရိုင်အတွင်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ ခေါင်းဆောင် နှစ်ဦး ပစ်သတ်ခံရပြီးနောက် ဒေသအတွင်းက ရွာသား ၆ ဦးကို စစ်တပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု ဒေသခံများက ပြောသည်။
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ဆိပ်ဖူးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဦးကျော်ဝင်းနှင့် ဒု-ခေါင်းဆောင် ဦးမြင့်အောင်တို့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရှမ်းကိုးကျေးရွာ ဒေသအတွင်းက ရွာသားများကို လိုက်ခံဖမ်းဆီးနေခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ဆိတ်ဖူးရွာသားတစ်ဦးက “အဖမ်းခံရတဲ့ သူတွေ အားလုံးက ဥယျာဥ်ခြံလုပ်ကိုင် အေး အေးဆေးဆေး နေကြသူတွေပါပဲ။ မိသားစုဝင်တွေနဲ့ လည်း အဆက်အသွယ်မရသေးတော့ စိတ်ပူနေ ကြတယ်” ဟု ပြောသည်။
ခမောက်ကြီးမြို့၊ ဝိုင်ဒင်းကျေးရွာအနီး ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလဲ စစ် ကြောင်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရသည့် ဖြစ်စဉ်၌ လမ်းပြပေးခဲ့သည့် ဆိပ်ဖူးကျေးရွာမှ ပျူစောထီးခေါင်း ဆောင် နှစ်ဦး ဧပြီလ ၁၆ ရက်နေ့က ပစ်ခတ်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသားများကို လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဆိပ်ဖူးကျေးရွာရှိ ရာဘာခြံအတွင်း နေထိုင်သည့် ဦးပုန်းရှင်၏ သား ဖြစ်သူ ကိုကျော်မျိုးဦးနှင့် ကိုအောင်မျိုးဦးတို့ ညီအစ်ကိုနှစ်ဦးကို ဧပြီလ ၂၀ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားပြီး လက်ကိုင် ဖုန်းများကိုပါ သိမ်းဆည်းသွားသည်။
စစ်ကောင်စီတပ်ဖွဲ့က လုံးဖောကျေးရွာမှ မမီးကမ်း အသက် ၃၂ နှစ်ကို ဧပြီလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် ခမောက်ကြီးမြို့အနီးရှိ ယုဇန ဆီအုန်းစိုက်ပျိူးရေးဇုန် ၂ မှ ဆီအုန်းခြံလုပ်သား ကိုညီညီအောင် အသက် ၃၀ နှစ်ကိုလည်း ဖမ်းဆီးသွားသည်ဟု ရွာသားများက ဆိုသည်။
ထို့အပြင် မာရမ်းကျေးရွာမှ ကိုလွင်ဦး အသက် ၄၀ နှစ် နှင့် ခမောက်ကြီးမြို့၊ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူ ကိုဆန်းမင်းဦး တို့ကိုလည်း စစ်ဆေးစရာရှိသည်ဟု ပြောကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
ဖမ်းဆီးခံထားရသူများနှင့် ဧပြီလ ၂၁ ရက်နေ့၊ ညနေပိုင်း အချိန်ထိ အဆက်အသွယ် မရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
အလားတူ ဧပြီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ အေးချမ်းသာကျေးရွာရှိ နေအိမ် တစ်ဆောင်ကို ဝင်ရောက်ရှာဖွေခဲ့ကြသေးသည်။ သို့သော် လူဖမ်းဆီးသွားခြင်း မရှိဘူးဟု မျက်မြင်တွေ့ရှိခဲ့သည့် ရွာသားအချို့က ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ရှမ်းကိုးကျေးရွာအုပ်စု ဒေသအတွင်းရှိ ကျေးရွာများတွင် ရှာဖွေဖမ်းဆီးခြင်း များကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဆိုသည်။