ဒလန်ဟု စွပ်စွဲခံရသည့် နွားမွေးမြူရေး လုပ်ကိုင်သူတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်။

နွားမွေးမြူရေးလုပ်ကိုင်သည့် စစ်ကောင်စီ သတင်းပေး ဒလန် ဆိုသူ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး သွားသည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၂၇ ရက်နေ့ ၊ ည ၉ နာရီခန့်က ရေဖြူမြို့နယ် ကံပေါက်ဒေသ ဖားချောင်းကျေးရွာအုပ်စု ဆယ်အိမ်စု ကျေး ရွာ အနီးရှိ နွားမွေးမြူရေးခြံအတွင်း နေအိမ်တွင် ဦးမျိုး အသက် – ၅၅ နှစ် ရှိနေစဉ် အမည်မသိ လူ ၅ ဦးက သေနတ်ဖြင့် လာရောက် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ခြံချင်းကပ် နေထိုင်သူ အမျိုးသားတစ်ဦးက “ညက သေနတ်သံ ၆ ချက်လောက် ဆက် တိုက် ကြားရတယ်။ တောကောင် ပစ်တယ်ထင်နေတာ။ ခြံမှာက နွား တွေ မွေးထားတော့ သူက ညဆို အဲ့ဒီမှာ သွားအိပ်နေတာ။ သူပစ်ခံရတာကိုတော့ မနက်ကြမှသိတယ်” ဟု ပြောသည်။

ဦးမျိုးသည် ကံပေါက်ကျေးရွာ၊ ဗိုလ်ချုပ်ရပ်ကွက်တွင် နေထိုင်ပြီး ဇာတိနယ်ခံသား မဟုတ်ဘဲ ကံပေါက် ကျေးရွာသူနှင့် အိမ်ထောင်ကြကာ အခြေချနေထိုင်သူတစ်ဦး ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသူ ဦးမျိုးသည် ရပ်ရွာအတွင်း သတင်းပေးဟု ကျော်ကြားနေသူဖြစ်ပြီး စစ်ကောင်စီထံ PDF များ သွားလာလှုပ်ရှားမှုများအကြောင်း သတင်းပေးပို့နေခြင်းကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သတင်း ပေး ဆက်မလုပ်ရန်လည်း အကြိမ်ကြိမ် သတိပေးခံထားရသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သို့သော် ဦးမျိုး ပစ်သတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွား သည်ကိုမူ မသိရသေးပေ။

ဧပြီလ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က နွားခြံသို့ရောက်ရှိလာသည့် ရဲကားတစ်စီး၊ စစ်ကောင်စီ ရေတပ် ကား တစ်စီးနှင့် လူနာတင်ကားတစ်စီးတို့က သေဆုံးသူ ဦးမျိုး၏ ရုပ်အလောင်းကို မောရဝတီ ရေတပ်ဌာနချုပ် စစ် ဆေးရုံသို့ သယ်သွားကြသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အခြား စစ်ကားအများအပြားလည်း ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆယ်အိမ်စုကျေး ရွာအဝင် လမ်းဆုံတွင် လမ်းသွားလမ်းလာများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၂၅ ရက်နေ့ကလည်း တစ်နေ့တည်းမှာပင် ကံပေါက်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေး မှူးနှင့် ၎င်း၏ တပည့်ဖြစ်သူတို့ ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဇာဒီကျေးရွာမှ စစ်ကောင်စီ သတင်းပေး ပျူစော ထီး ခေါင်းဆောင် ဦးအေးဟန် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ကံပေါက်ဒေသသည် စစ်ကောင်စီ သတင်းပေးများ မကြာခဏ ပစ်ခတ်ရပြီးနောက် ဆိုင်ကယ်စီးနင်းခွင့် ကန့် သတ်ခံထားရသည့် ဒေသတစ်ခုလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ – Ayeyarwaddy Times (ဦးမျိုး ၏ နေအိမ်ရှေ့စစ်သားများ ရောက်ရှိနေပုံ)