စစ်ကောင်စီ တံတားဂိတ်စခန်း လက်နက်ကြီး ပစ်ခံရ၊ ၃ ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်။
ထားဝယ်-မြိတ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ တံတားစစ်ဆေးရေးဂိတ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဘက်က ၃ ဦး ကျဆုံးခဲ့သည်ဟု ဒေသခံတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။
ထားဝယ်-မြိတ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ စစ်ရေးများ လုပ်လေ့ရှိသော စစ်ကောင်စီ ဂိတ်စခန်း ကို လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သရက်ချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ရှိသူက “စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုကို အသေးစိတ် အတည်ပြုသိနိုင်ဖို့ စုံစမ်း နေတုန်းပါပဲ။ လက်ရှိ မြေပြင်သတင်းအရ တော့ ၃ ယောက်သေတယ်လို့ပဲ ကြားရသေးတယ်” ဟု ပြောသည်။
သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာအနီးရှိ ဥတ္တူတံတား စစ်ကောင်စီ ဂိတ်စခန်းကို ဧပြီလ ၂၇ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်က ၆၀ မမ ဗုံးသီး ၄ လုံးနှင့် ၄၀ မမ ဗုံးသီး ၇ လုံးတို့ကို အသုံးပြုပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ပြန်လှန်ပစ်ခတ်ခဲ့ခြင်းကြောင့် နှစ်ဖက် အပြန်အလှန် ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြသေးသည်။
အနီးဝန်းကျင်ရှိ ဒေသခံများ၏ ပြောပြချက်အရ နှစ်ဖက်ပစ်ခတ်ပြီး ၁၀ မိနစ်ခန့်အကြာတွင် အရေးပေါ် လူနာတင် ကား ၂ စီး စခန်းထဲဝင်သွားပြီး ညတွင်းချင်း လူနာအချို့အား တင်သွားသည်ဟု ဆိုပြီး အသေးစိတ် ထပ်မံသိရှိရပါ က သတင်းထုတ်ပြန်ပေးသွားမည်ဟု သရက်ချောင်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ကောင်စီဘက်မှ ၁၂၀ မမ၊ ၆၀ မမ ကျည်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များဘက်တွင် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ဥတ္တူချောင်းတံတား ဂိတ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး နီးပါးခန့် တပ်စွဲနေထိုင်ပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးလေ့ရှိပြီး မကြာခဏဆိုသလို အကြောင်းမဲ့ ပစ်ခတ်နေမှုများ ပြုလုပ်နေသည့် နေရာ တစ်နေရာ လည်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဧပြီလ ၂၅ ရက်နေ့ကလည်း သရက်နှစ်ခွကျေးရွာသား စိတ်ကျန်းမာရေး မကောင်းသူ ကိုဇာနည်ထွေး ဆိုသူကို အဆိုပါ တံတားစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆေးကုသမှု ခံယူနေရသည်။