တရုတ်-နယ်စပ် မူဆယ်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာနယ်စပ်မြို့ ဖြစ်သည့် လက်နက်ကိုင် အများအပြားရှိသည့် မူဆယ်မြို့ တွင် လုံထန်ပြည်သူ့စစ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရသည်။

မူဆယ်မြို့ စက်မှုဇုန်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေချိန်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက “သူက လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေချိန် ပစ်ခံရတယ်။ စက်မှုဘက်က လက်ဖက်ရည်ဆိုင်မှာ။ အချိန်က အတိအကျတော့ မသိရဘူး မနက် ၇ ခွဲလောက် လို့တော့ ပြောတယ်။ ပစ်တဲ့သူက ဆိုင်ကယ်စီးလာပြီး ပစ်သွားတာ။ ခေါင်းမှာ အပစ်ခံရတာ။ သူကတော့ အဲ့ဒီ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။ လုံထန်ပြည်သူ့စစ် ခေါင်းဆောင်ပါ” ဟု ပြောသည်။

လုံထန်ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင်မှာ ဧပြီလ ၂၇ ရက်နေ့၊ နံနက်ပိုင်း ၇ နာရီခွဲ အချိန်ခန့်တွင် ပစ်သတ်ခံလိုက်ရ ခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်း အခြေအနေမှာပုံမှန်သာ သွားလာနေကြပြီး စစ်ဆေးမှုများလည်း တစ်စုံ တစ်ရာ မရှိခဲ့ဘူးဟု ဆိုသည်။

အလားတူ ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင်လည်း မူဆယ်မြို့ရှိ၊ သိန်းသန်းချီကားဝင်း အဝင်ဂိတ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့၏ လာရောက် ပစ်ခတ်မှုကြောင့် စစ်ကောင်စီ လက်အောက်ခံ လုံထန် ပြည်သူ့စစ် အဖွဲ့ဝင်တပ်သာဒ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မူဆယ်မြို့သည် တရုတ်-မြန်မာနယ်စပ်ရှိ မြို့တစ်မြို့ဖြစ်ပြီး အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ စစ် အဖွဲ့များ အများအပြား လှုပ်ရှားသည့် နယ်စပ်မြို့ဖြစ်ပြီး ပစ်ခတ်မှုများလည်း မကြာခဏ ဖြစ်လေ့ရှိသည်။

ပစ်ခတ်မှုများ၊ မိုင်းပေါက်ကွဲမှုများနှင့် ပြန်ပေးဆွဲသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ဥပဒေ စိုးမိုးမှုမရှိသောကြောင့် အရေးယူဖော်ထုတ်နိုင်ခြင်း မရှိဘူးဟု မူဆယ်မြို့ခံများက ဆိုသည်။

မူဆယ် ဒေသခံတစ်ဦးက “ပြည်သူ့စစ်တို့ ဒီလက်နက်ကိုင်တို့ အချင်းချင်း ပစ်ခတ်ခံရတာက အခုမှ မဟုတ်ဘူး။ အရင်လည်း ရှိတယ်။ သူတို့အချင်းချင်း မကြေနပ်လို့ ပစ်ကြတာပေါ့နော်။ ဒါပေမယ့် ကျမတို့ မူဆယ်မှာက လူ ထုဆို အမြဲစိတ်ပူရတယ်။ ခဏဆို ဝင်ဓါးပြတိုက်ခံရလိုက်၊ လုယက်ခံရလိုက်၊ ကလေးတွေဆိုလည်း ပြန်ပေးဆွဲ ခံရတယ်။ အမြဲသတိထားရတယ်။ ဖြစ်သွားရင်လည်း ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းရတယ်။ ဒီက ရဲတွေ ဘာတွေက လည်း အားမကိုးရဘူး” ဟု ပြောသည်။

အလားတူ ဧပြီလ ၁၉ ရက်နေ့ကလည်း မူဆယ်-ကွတ်ခိုင်လမ်းပေါ်ရှိ နမ့်ဖတ်ကာ ရပ်ကွက် – ၂ တွင် နေထိုင်သည့် ဦးအိုက်ဖေ အသက် ၅၂ နှစ်ဆိုသူလည်း ၎င်း၏ နေအိမ်ရှေ့မှာပင် သေနတ်နှင့် ပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။

မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ်အဖွဲ့များ၊ တအာင်းတပ်မတော် (TNLA)၊ ရှမ်းလက်နက် ကိုင်အဖွဲ့ဖြစ်သည့် (SSPP)၊ ကချင်လွတ်လပ်ရေးတပ် (KIA)တို့ လှုပ်ရှားသွားလာနေပြီး စစ်တပ် အာဏာသိမ်းမှု ဖြစ်စဉ်နောက် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့များလည်း သွားလာလုပ်ရှားလျှက်ရှိသည်။