ရေးမြောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု PDF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်။

ရေးမြောက်ပိုင်းက PDF စခန်းတစ်ခု လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရကာ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည်။

မွန်ပြည်နယ်၊ ရေးမြောက်ပိုင်းဒေသ၊ ဝါပသဲကျေးရွာအနီး ရေးနှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူ စစ် ကြောင်းစခန်းကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ၊ အရပ်သား အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

“ဒေသခံ အရပ်သားလည်း ၃ ဦး ထိသွားတယ်လို့ သိရတယ်။ နေအိမ်တွေလည်း မီးလောင်ပျက်စီး သွားတာရှိ တယ်။ အခုတော့ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ရှောင်နေကြရတယ်” ဟု ရေးဒေသခံတစ်ဦးက ပြော သည်။

ရေးနှင့် သံဖြူဇရပ်မြို့နယ် ကြားရှိ ကျားဖြူစစ်ကြောင်း စခန်းနေရာကို စစ်ကောင်စီတပ်က မေလ ၇ ရက်နေ့၊ ည ၁၁ နာရီ အချိန်ခန့်တွင် တစ်ကြိမ်၊ မေလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင် အချိန်ခန့်တွင် တစ်ကြိမ် လေယာဉ် ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။

အဆိုပါ စခန်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မိမိတို့ ကျားဖြူစစ်ကြောင်းမှ ရဲဘော် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့သည် စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အသက်ပေးခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဝါပသဲကျေးရွာမှ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံးပါ မီးလောင်ပျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဝါပသဲကျေးရွာနှင့် အနီးနားဝန်းကျင်က ချောင်းနှစ်ခွ၊ ဘဲလမု အစရှိသည့် ကျေးရွာတို့ရှိ ရာနှင့်ချီသည့် ဒေသခံများကလည်း ယနေ့အချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ယခု စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ ဒေသ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီမှ လူနေ ကျေးရွာထဲ လေကြောင်းဖြင့် ၃၁ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။