လေပြင်းကြောင့် ကျောက်မဲတွင် စေတီ တစ်ဆူနှင့် နေအိမ် ၁၆ လုံး ပျက်စီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုများကြောင့် စေတီတစ်ဆူနှင့် လူနေ အိမ် ၁၆ လုံး ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

မေလ ၁၀ ရက်နေ့နှင့် မေလ ၉ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ်ထဲ လေပြင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပန်မခမ်ကျေးရွာခံ အမျိုးသားတစ်ဦးက “လေစတိုက်တာက ညတစ်နာရီဝန်းကျင်စတာ။ အဲ့ညက မိုးလည်းရွာ မိုးကြိုးလည်းပစ် လေလည်းတိုက်တယ်။ အခြားအိမ်က ဘယ်ချိန်လေထဲပါသွားတော့ မသိဘူး။ ကျနော်တို့ အိမ် က သုံးနာရီလောက် လေတိုက်လို့ ပျက်စီးသွားတယ်” ဟု ပြောသည်။

မေလ ၁၀ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီ အချိန်ချိန်တွင် လေပြင်းတိုက်ခိုက်ပြီး မိုးရွာသွန်းမှုကြောင့် လွယ်အံ ကျေးရွာအုပ်စု ပန်မခမ်ကျေးရွာက ဘုန်းကြီးကျောင်း အပါအဝင် လူနေအိမ် ၁၆ ပျက်စီးခဲ့ခြင်း ဖြစ်သည်။

အလားတူ မေလ ၉ ရက်နေ့၊ ညပိုင်းမှာလည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်း ပြီး ရွှေမြင်မျှော်စေတီ၏ ထီးတော်မှာ မိုးကြိုးထိမှန်ကာ ပျက်စီးခဲ့သည်။

ပျက်စီးသွားသည့် လူနေအိမ်များထဲက အချို့အိမ်များမှာ ပြန်လည်ပြုပြင်၍ ရနိုင်သေးသော်လည်း နေအိမ် ၆ လုံး မှာမူ လုံးဝပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့အိမ် အပါအဝင် ၆ အိမ်က ပြင်လို့မရသေးဘူး။ ကျန်တဲ့အိမ်တွေက အမိုးပဲလန်သွားတော့ မနေ့က ပြင်လိုက်တယ်။ ကျနော်အိမ်က သွပ်ပြားတွေတောင် ပြန်သုံးလို့ မရတော့ဘူး။အခုက ကျောက်မဲမြို့မှာ သွပ် ပြားတွေ ပြန်လာဝယ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင်လည်း နမ္မတူမြို့နယ်ထဲ လေပြင်းတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် ၅ အိမ် ပျက် စီးသွားခဲ့ပြီး မေလ ၃ ရက်နေ့က သီပေါမြို့နယ် မီးတိုင်လဲကျပြီး နေအိမ်အချို့ ပျက်စီးသွားခဲ့သည်။

လက်ရှိတွင် “မိုခါ(MOCHA)” မုန်တိုင်း သတိပေးချက်များရှိနေသည့်အပြင် အဆိုပါ မိုခါမုန်တိုင်း အရှိန်ကြောင့် မေလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရှမ်းပြည်နယ်အပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလက ထုတ်ပြန် ထားသည်။

ထို့အပြင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ ၂ သန်းနီးပါး ထိခိုက်နိုင် သည်ဟု ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (GDACS) က မေ ၁၁ ရက်နေ့တွင် ထုတ်ပြန်သတိပေးထားသည်။