စစ်ကောင်စီ တံတားစောင့်ဂိတ် တိုက်ခံရ၊ ၂ ဦးသေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်။

မြိတ် – ကော့သောင်းသွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ တံတားစောင့် စစ်ဆေးရေးဂိတ်တစ်ခု တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများ က ပြောသည်။

ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ဘန်ဂလားကျေးရွာအနီး လေညာတံတားထိပ်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မေလ ၈ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ “ည ၇ နာရီကျော် လောက် ကတည်းက ပစ်ခတ်နေတာ။ လက်နက်ကြီးသံတွေလည်း တဂျိမ်းဂျိမ်းနဲ့ ပစ်နေကြတာ။ ၁၀ နာရီလောက်မှ အသံတိတ်သွားတယ်။ မြို့နဲ့က တမိုင်ကျော်လောက်ပဲဝေးတော့ အတိုင်းသားကြားနေရတာ” ဟု အသက် ၄၀ ခန့် အရွယ် ပြည်ကြီးမဏ္ဍိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းနှင့် ဘုတ်ပြင်းမြို့နယ် Flying Star Force (ပကဖ) အဖွဲ့တို့ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များဘက် တွင်မူ ထိခိုက်ဒဏ်ရာရသူ တစ်ဦးမျှ မရှိခဲ့ဘူးဟု ဆိုသည်။

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တစ်ရက် မေလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီဘက်မှ အင်အား ၃၀ ကျော် ထပ်မံဖြည့်တင်းထားပြီး လုံခြုံရေး တိုးမြှင့်ထားသောကြောင့် နှစ်ဖက်ကြား စစ်ရေး အခြေ အနေမှာ တင်းမာနေသည်ဟု ဘုတ်ပြင်းမြို့နယ် ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီဂိတ်တွင် အတားအဆီးများပြုလုပ်ထားပြီး အဆိုပါဂိတ်နေရာတွင် ခရီးသည်တင် ကားများနှင့် ကုန်ကားသမားများထံမှ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေသည့် နေရာတစ်ခုဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မေလ ၂ ရက်နေ့ကလည်း ပြည်ကြီးမဏ္ဍိုင်မြို့တွင်းရှိ စရဖရုံးနှင့် မဏ္ဍိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ၏ နေအိမ်တို့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း၌ စစ်ကောင်စီ သတင်းပေးတစ်ဦး သေဆုံးကာ မဏ္ဍိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်မှ လက်နက်နှစ်လက်၊ ကျည်ဆန်များနှင့် စစ်အသုံးဆောင်ပစ္စည်းအချို့ ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ခဲ့သည်။