ဖမ်းဆီးခံရသူ ၅ ဦး နှစ်ရက်ကြာသည်အထိ မိသားစု တွေ့ခွင့်မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်။
လောင်းလုံးမြို့နယ် သောကြာပြင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသူနှစ်ဦးကို ၅ ရက်ကြာသည်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးဘူးဟု ဒေသခံများက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမှာ လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာတွင် နေထိုင်နေသည့် ဦးနိုင်နိုင် ၄၀ နှစ်နှင့် မမီးလေးဆိုသူတို့ ဖြစ်ပြီး မေလ ၈ ရက်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ခြင်း ဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “စစ်သားတွေက ကားအဖြူတစ်စီး အမည်းကတစ်စီးနဲ့ သုံးဘီးကားကို ရှေ့နောက်ညှပ်ပြီး လိုက်လာတာ။ သုံးဘီးပေါ် တင်လာတဲ့ထဲမှာ မသင်္ကာစရာ အဝတ်အစားတွေနဲ့ ပစ္စည်းတွေ ပါတယ်ဆိုပြီး လိုက်ပြခိုင်းတာလို့ကြားတယ်” ဟု ပြောသည်။
ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ် တစ်စီးကို ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က တားဆီးစစ်ဆေးခဲ့ပြီးနောက် သုံးဘီးဆိုင်ကယ်နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့က အိမ်စီးကား ကားနှစ်စီးဖြင့် လိုက်ပါလာပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကားပေါ်တွင် အဝတ်အထည်များနှင့် စားသောက်ကုန် ပစ္စည်းအချို့တွေ့ရပြီး စစ်ဘေးရှောင်များကို လှူဒါန်းရန် သယ်ဆောင်လာသည့် ပစ္စည်းများဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။
လောင်းလုံးမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသော်လည်း ဖမ်းဆီးပြီးနောက် ထားဝယ်မြို့ကို တိုက်ရိုက် ခေါ်ဆောင် သွားခြင်း ဖြစ်သည်ဟု ရွာသားတစ်ဦးက ဆိုသည်။
ဖမ်းဆီးခံရသူများကို မိသားစုနှင့် တွေ့ဆုံခွင့်မပေးသေးသည့် အပြင် ယနေ့ညနေပိုင်း အချိန်ထိ ပြန်လည် လွတ် မြောက်လာခြင်း မရှိသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြရသည်ဟု ဒေသခံများကပြောသည်။
ကမြောကင်း တံတား စစ်ဆေးရေးဂိတ်သည် ထားဝယ်မြို့ အဝင်အထွက် ကားများ၊ ဆိုင်ကယ်များ၊ ခရီးသည် များကို နေ့စဉ်စစ်ဆေးလေ့ရှိသည့် နေရာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် အဆိုပါ စစ်ဆေးရေးဂိတ်ွင် ခရီးသည်များကို ကားပေါ်မှ ဆင်းခိုင်းပြီး မှတ်ပုံတင်ဖြင့် တိုက်ဆိုင် စစ်ဆေးသည်အထိ တင်းကြပ်လေ့ရှိခြင်းကြောင့် ဖမ်းဆီးခံရသူများလည်း ရှိခဲ့ဖူးသည်ဟု ဒေသခံများက ဆို သည်။