မုန်တိုင်းသတင်းကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ရေယာဉ်များ ရပ်နားထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်။

ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုပြီး ဖြစ်ပေါ်နေသည့် မိုချာ အမည်ရှိ မုန်တိုင်းသတင်းကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသတွင်း ပြေးဆွဲနေသော ရေယာဉ်များ ရပ်နားထားရန် သက်ဆိုင်ရာက အကြောင်းကြားထား သည်ဟု ဒေသခံများက ပြောသည်။

မေလ ၁၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့ အထိ ခရီးသည်တင်နှင့် ကုန်တင်ရေယာဉ်များ အပါအဝင် ဒေသတွင်းရှိ ရေယာဉ် အသင်း ၁၅၀ ကို ပြေးဆွဲ မောင်းနှင်ခြင်းများ ရပ်တန့်ထားရန် အကြောင်းကြားထားသည်ဟု ဧရာဝတီ တိုင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ဧရာဝတီတိုင်း ရေကြောင်း ပိုဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက “ဒေသအတွင်း ပြေးဆွဲနေတဲ့ ခရီး သည် ရေယာဉ်တွေတင် သာမကဘူး။ ပင်လယ် ကမ်းရိုးတန်းသွား သင်္ဘောတွေ ကမ်းနီးကမ်းဝေး ငါးဖမ်း သင်္ဘောတွေ လှေတွေ စက်လှေတွေကိုလည်း မထွက်ဖို့ အကြောင်းကြားထားတယ်” ဟု ပြောသည်။

ဧရာဝတီ တိုင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မေလ ၁၀ ရက်နေ့၊ ညနေပိုင်း ကတည်းက ဒေသတွင်း ပြေးဆွဲနေသော ရေယာဉ်များကို ရပ်နားထားကြရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။

ဧရာဝတီတိုင်းထဲက ပင်လယ်နှင့် နီးသော ပုသိမ်၊ ငပုတော၊ ဒီဒူးကုန်း၊ သင်္ကန်းကုန်း၊ ပြင်ခရိုင်၊ သက္ကယ်သောင် ပြင်စလူ၊ ဟိုင်းကြီးကျွန်း၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ် စသည့် ဒေသတွင်းရှိ ပြေး ဆွဲနေသော ရေယာဉ်အသင်းများကို အကြောင်းကြားထားသည်ဟု ဧရာဝတီ တိုင်း ရေကြောင်း ပို့ဆောင်ရေး ညွှန် ကြားမှု ဦးစီးဌာနက ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းထဲက ပင်လယ်ကမ်းခြေ ဒေသများဖြစ်သော ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ ငရုတ်ကောင်း၊ မော်တင်ကမ်းခြေဒေသက ရေလုပ်ငန်းရှင်များနှင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များထံကိုလည်း အ ကြောင်းထားသည်ဟု ဆိုသည်။

ဧရာဝတီတိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ရေလမ်းတွေ ပိတ်လိုက်ပေမယ့် မုန်တိုင်း ရှောင်ဖို့နဲ့ ကယ်ဆယ်ရေး ကူညီရေး လုပ်ငန်းတွေ လုပ်ဖို့အတွက်က ကုန်းလမ်းတွေက သွားလာလို့ ရပါတယ်။ ကူညီကယ်ဆယ်ရေး အတွက်လည်း အဆင်သင့်ရှိနေပါတယ်။ ရေယာဉ်တွေမှာ သက်ကယ်ဘောတွေ ဆောင် ထားဖို့ သက်ဆိုင်ရာက နိုးဆော်ထားတယ်“ ဟု ပြောသည်။

ခရီးလွန်နေသော ရေယာဉ်များ အနေဖြင့် ဖုန်းဗိုက်ဗာကွန်ရက်များဖြင့် ချိတ်ဆက်ပြီး မုန်တိုင်းသတင်းကို ရယူ ကာ ဘေးကင်းလုံခြုံသော အနီးဆုံး ဆိပ်ကမ်းနှင့် မုန်တိုင်းခို၍ ရနိုင်သော ချောင်းနှင့်မြောင်းများ အကြား ခိုလှုံ ကြပြီး ကယ်ဆယ်ရေးအဖွဲ့များ နှင့် အချိန်မီ ချိတ်ဆက်ကြရန် အကြောင်းကြားထားသည် ဟု ဧရာဝတီတိုင်း ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီရုံးက တာဝန်ရှိသူကပြောသည်။

မိုချာ မုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့ အနောက် – အနောက်တောင်ဖက် ရေမိုင် ၃၆၅ မိုင်ခန့်၊ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့ အနောက် – အနောက်တောင်ဖက် ရေမိုင် ၄၇၅ မိုင်ခန့် ရခိုင်ပြည်နယ် စစ်တွေမြို့ တောင် – အနောက်တောင်ဖက် ရေမိုင် ၆၁၅ မိုင် ခန့် အကွာတွင် ရှိနေပြီ အားပြင်းသော မုန်တိုင်း အဖြစ် တိုက်ခတ်လာနိုင်သည်ဟု မေလ ၁၁ ရက်နေ့တွင် မိုးဇလက ထုတ်ပြန်ထားသည်။